သီရိလင်္ကာ ကန်ဒီမြို့က စွယ်တော်တိုက်

မြန်မာနိုင်ငံကအပြင် တခြားသော ဗုဒ္ဓဘာသာနိုင်ငံတွေအများစုကနေ သီရိလင်္ကာကို ဘုရားဖူးလာရောက်ကြတဲ့ အဓိကအကြောင်းအရင်းကတော့ မြတ်စွာဘုရားရဲ့ စွယ်တော် ဓါတ်တော်ကြောင့်ပါ ..

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလတုန်းက သီရိလင်္ကာကို ၃ ကြိမ်တိတိ ကြွဖူးခဲ့တယ်လို့ ဆိုကြပါတယ် .. အဲဒါကြောင့်လည်း ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေထဲမှာ သီရိလင်္ကာက တစ်နိုင်ငံအပါအဝင်ဖြစ်နေတာပေါ့ ..

အမ်မာကတော့ ခရီးတွေသွားတိုင်း နာမည်ကြီး ဘုရားစေတီပုထိုးတွေ အပြင် .. ချက်ကျောင်း ဗလီ .. ဟိန္ဒူဘုရားကျောင်း ဆစ်ဘုရားကျောင်း .. အကုန်ရောက်အောင် သွားတာမို့ .. ဒီတစ်ခေါက်လည်း ကန်ဒီမြို့က စွယ်တော်တိုက်ကို ရောက်ခဲ့ပြန်ပါတယ် ..

စွယ်တော်တိုက်
စွယ်တော်တိုက်

နိုင်ငံခြားသားတွေက မြန်မာအပါအဝင် saacrc countries တွေနဲ့ bimstec countries တွေက 1500 Rs (5 USD) ပါ … တခြားနိုင်ငံတွေဆိုရင်တော့ 2000 Rs (7 USD) ပေးရတယ် .. tickets machines တွေမှာ ဝယ်ရပါတယ် ..

ပန်း၊ဆီမီး လှူချင်ရင်တော့ အပြင်ကနေ ဝယ်သွားလို့ရတယ် .. အဲဒီမှာတော့ ဘုရားကပ်တာကို ကြာပန်းလေးတွေ အသုံးများပါတယ် ..

ဖိနပ်အပ်တဲ့ နေရာရှိပြီးတော့ ကျန်တာတွေကတော့ အကုန်ယူသွားလို့ရတယ် .. အိတ်တွေထဲတော့ ဖွင့်ကြည့်ပြီး စစ်ပါတယ် .. စွယ်တော်တိုက်ထဲမှာတော့ ဓါတ်ပုံ ဗီဒီယိုရိုက်ခွင့်မပြုထားပါဘူး .. အဲဒါကြောင့် အပြင်ကပဲရိုက်ခဲ့တယ် ..

အနီးကပ် ဖူးချင်ရင်တော့ တန်းစီပြီးလူစောင့်ရတယ် .. သူက မနက် 10:30 လောက်မှ ဖွင့်တာပါ ..

တခြားကတော့ ဘာသာရေးဆိုင်ရာ စာအုပ်တွေ .. ရှေးဟောင်းကျမ်းဂန်တွေနဲ့ ခေတ်အဆက်ဆက်က ရှေးဟောင်းဗုဒ္ဓအမွေအနှစ်တွေပြထားပါတယ် ..

စွယ်တော်တိုက်က အပြင်ပြန်ထွက်ရင် နန်းတော်ဟောင်းနဲ့ တခြား ပြတိုက်တွေလည်း ရှိပါသေးတယ် .. နိုင်ငံပေါင်းစုံက ရုပ်ပွါးတော် လက်ရာမျိုးစုံကို ပြထားတာပါ .. သီရိလင်္ကာရဲ့ မင်းအဆက်ဆက်တွေနဲ့ ရာဇဝင်တွေကိုလည်း ပြသထားပါတယ် .. ကိုယ်တွေကတော့ သိပ်နားမလည်တာကြောင့် ခဏပဲ ကြည့်ပြီး ပြန်ထွက်ခဲ့တယ် .. (ပြတိုက်ထဲမှာလည်း ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး)

နောက်တစ်နေရာကတော့ စွယ်တော်လှည့်တဲ့အခါ အသုံးပြုတဲ့ ဆင်လေးတွေထားတဲ့နေရာ .. အစာကျွေးလို့ရတယ် .. ရေချိုးပေးလို့ရပါတယ် ..

ပြန်ထွက်လာတဲ့ လမ်းမှာတော့ ကန်ဒီရေကန်ကြီးရှိပြီးတော့ အရမ်းလည်းလှတယ် .. ညနေစောင်းဆို ငှက်တွေ အိပ်တန်းတက်ချိန်ဆို ငှက်သံတွေနဲ့ ဆူညံနေရော .. ကန်ထဲမှာ ငါးတွေလည်း ရှိလို့ .. ငှက်တွေက ဆင်းဆင်း ဖမ်းကြတာ ထင်ပါရဲ့ ..

ညနေရောက်တော့ မြို့ထဲကနေ မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်တဲ့ တောင်ပေါ်က ဘုရားလေးကို သွားခဲ့တယ် .. သူကတော့ ဝင်ကြေးမပေးရပါဘူး .. ဖိနပ်အပ်ထားလို့ရတယ် .. တောင်ပေါ်ကနေဆိုတော့ ရှုခင်းကြည့်လို့လှတယ် ..

အပြန်လမ်းမှာ ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းလည်း တွေ့လို့ ဝင်ခဲ့သေးတယ် .. ဒီမှာက ခရစ်ယန်တွေကော မွတ်စလင်တွေကော .. ဘာသာပေါင်းစုံ ရှိကြပါတယ် ..

စွယ်တော်တိုက်
စွယ်တော်တိုက်

အဲဒါပြီးတော့ ညစာကို ဒိုဆာ စားကြည့်ခဲ့တယ် .. သီရိလင်္ကာက အစားအသောက်တွေက မြန်မာက ချစ်တီးအစားအစာတွေနဲ့ ပိုပြီးတူတာကြောင့် စားလို့ အဆင်ပြေတယ် .. ဒီနေ့တော့ သွားဖြစ်ခဲ့တာ ဒီလောက်ပါပဲ .. နောက်ရက်ကျရင်လည်း နေရာသစ်တွေသွားတာ ထပ်တင်ပေးဦးမယ်နော် ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top