အပိုင်း (၅)+(၆)

အပိုင်း (၅)

နောက်နေ့မနက် အန်ကာဝပ်ကို သွားဖို့အတွက် မနေ့ညကတည်းက ကြိုပြီး စုံစမ်းထားတဲ့ လျှပ်စစ်စက်ဘီး ငှါးတဲ့ ဆိုင်ကို ထွက်ခဲ့တယ် .. ဆိုင်က ၈ နာရီမှာ ဖွင့်တာမို့ အမှန်ဆို သွားဖို့နောက်တောင် ကျနေပြီ .. အန်ကာဝပ်မှာ လည်စရာ နေရာတွေကများလွန်းလို့ တစ်နေကုန် အချိန်ပေးမှာ .. စက်ဘီးဆိုင်က ပတ်စ်ပို့ထားခဲ့ရတယ် ပြသနာမရှိဘူး .. အဲဒီမှာက ရဲတွေလည်း သိပ်မစစ်ကြဘူး စစ်ရင်လည်း စက်ဘီးငှါးခဲ့လို့ပေးခဲ့ရတာသိမှာပဲ .. လိုရမယ်ရ ဖုန်းနဲ့တော့ ဓါတ်ပုံရိုက်ထားလိုက်တယ် ..

ဆိုင်ရှင်က အန်ကာဝပ်ရဲ့မြေပုံလေးထုတ်ပေးပြီးတော့ သေချာရှင်းပြလိုက်တာ .. ဂိတ်တွေ ဘယ်နှဂိတ်ရှိတယ် .. အဲဒီ ဂိတ်ကို မဖြတ်ခင် လက်မှတ် အရောင်း ကောင်တာမှာ လက်မှတ် ဝယ်ရမယ်ဆိုပြီး ဘောပင်နဲ့ပဲ ဝိုင်းပြလိုက်တာ .. အဲဒါကို သေချာမကြည့်ဘဲ .. နောက်ကျပြီဆိုပြီး လောလော လောလောနဲ့ အဝင်ဂိတ်ကို တန်းမောင်းချသွားတာ .. ဂိတ်ရောက်တော့ လက်မှတ်စစ်တဲ့သူတွေက ဝီစီမှုတ်ပြီး တားကော.. ကိုယ်က သူတို့ မမြင်ပဲ ကျော်သွားတော့မို့ .. နောက်တော့မှ လမ်းမှားလာတာ သိတော့ ပြန်ပြီး လမ်းပြပေးတယ် လက်မှတ်ဝယ်ရမဲ့ နေရာကို .. အဲဒါနဲ့ အနောက်ကို ပြန်လှည့် .. လက်မှတ် ဝယ်တဲ့ နေရာရောက်တော့ လူတွေအများကြီးပဲ တန်းစီ .. လက်မှတ်က အပေါ်မှာ ပြောခဲ့သလို ကိုယ်လိုသလောက် ရက်တွက်နဲ့ ဝယ်ရတယ် .. ဒါပေမဲ့ အမ်မာကတော့ တစ်ရက်နဲ့ လောက်အောင် လည်မယ်ဆိုပြီး တစ်ရက်စာပဲ ဝယ်လိုက်တယ် .. ဒေါ်လာ ၄၀ ကျော်ကျော်လောက်ပေါ့ .. လက်မှတ်ရတော့ ၁၀ နာရီကျော်နေပြီ .. နေလည်း ပူနေပြီဆိုတော့ သုတ်သုတ် သုတ်သုတ်နဲ့ ထွက်ခဲ့တယ် ..

အန်ကာဝပ်ကို လေးထောင့် ပုံစံလို့ မြင်ကြည့်လိုက်ရင် .. ဘယ်ဖက်ကနေ သွားသွား တစ်ပတ်ပြည့်ရင် နဂိုနေရာ ပြန်ရောက်တယ် .. ဆိုပါစို့ လူအများစုက အရှေ့ဂိတ်ကနေ ပတ် အနောက်ဂိတ်မှာ ဆုံးတယ်ဆိုရင် အမ်မာက ပြောင်းပြန် ပြန်ပတ်လိုက်တယ် .. ဘယ်ကသွားသွား အတူတူပဲဆိုပေမဲ့ .. လူများရင် အေးအေးဆေးဆေး မကြည့်ရ .. ဓါတ်ပုံရိုက်လို့ အဆင်မပြေ ဖြစ်မှာစိုးလို့ .. တမင် လူမသွားတဲ့ ဖက်က သွားလိုက်တာ ..

ထင်တဲ့ အတိုင်းပဲ စစချင်း တော်တော်အဆင်ပြေတာ .. အမ်မာရောက်တဲ့ ဘုရားတွေဆို လူမရှိသေးဘူး .. အစောင့်(လက်မှတ်စစ်) နဲ့ ကိုယ်ပဲ ရှိတာ .. တစ်ချို့တွေဆို ဂိုက်လိုမျိုး ရှင်းပါပြသေးတယ် .. ဘုရားကျောင်းကြီးတွေက အရမ်းကို အိုဟောင်းနေပေမဲ့ .. ရှေးခေတ်တုန်းက တအား ကြီးကျယ် ခမ်းနားလိမ့်မယ်ဆိုတာ ထင်ဟပ်နေတယ် .. ကျောက်ဆောင် ကျောက်သား ထုထည်ကြီးကြီးမားမားတွေနဲ့ တည်ဆောက်ထားပြီးတော့ အသေးစိတ် အနုပညာလက်ရာတွေလည်း ထွင်းထုထားသေးတာဆိုတော့ တကယ့် အံ့ဩဖွယ်ရာပါပဲ ..

အရမ်းသဘောကျတာက .. ဘုရားကျောင်းဘေးနံရံမှာ တွယ်ကပ်ပြီး ပေါက်ခဲ့တဲ့ သစ်ပင်တွေဟာ နှစ်လများစွာ ကြာပြီးချိန်မှာတော့ .. တအားကို အားကောင်းလာပြီး ဘုရားကျောင်းဆောင်ကြီး တစ်ခုလုံးကို ဝါးမျိုပစ်လိုက်သလိုမျိုး .. နွယ်တွေနဲ့ ရစ်ပတ် ကာရန်ပစ်လိုက်ပြီ ..

အဲဒီထဲမှာက ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ ပါတတ်တဲ့ ဘုရားကျောင်းတွေကတော့ တော်တော်လေး နာမည်ကြီးပြီး လာရောက်လည်ပတ်သူ များသလို .. တော်တော်လေးလည်း လှပါတယ် .. ဓါတ်ပုံရိုက်လို့ အဆင်ပြေမဲ့နေရာတွေမှာ သစ်သားစင်လေးတွေ လုပ်ပေးထားပြီးတော့ .. တချို့နေရာတွေကိုတော့ .. အပင်နဲ့ အဆောက်အဦးတွေ ပြိုကျ ပျက်ဆီးမှာစိုးလို့ .. သစ်သား၊ သံလုံး စတာမျိုးတွေနဲ့ အထောက်အပံ့လုပ်ထားတာလည်း တွေ့ခဲ့ရပါတယ် .. သေချာတာ တစ်ခုကတော့ အမ်မာ အရင်တုန်းက ဒီလောက် ကြီးမားတဲ့ အပင်မျိုးတွေ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး .. တော်တော်လေး အံ့အားသင့်ဖို့ကောင်းပါတယ် ..

စစချင်း ဘုရားကျောင်းတွေ တစ်ကျောင်းပြီး တစ်ကျောင်း ဝင်ကြည့်လိုက် ဓါတ်ပုံရိုက်လိုက် ပြန်ထွက်လာလိုက်နဲ့ နေ့လည်ဖက် ရောက်သွားတော့ နေပူလာသလို ပင်လည်းပင်ပမ်းလာတယ် ..

ဘုရားကျောင်းတွေကလည်း အကုန် ခပ်ဆင်ဆင်မို့ တချို့နေရာတွေဆို ထပ်ပြီး ဝင်မကြည့်ချင်တော့ဘူး .. နေ့လည်စာ စားနားရင် ကောင်းမလားလို့ စဉ်းစားလိုက်ပြန်တော့လည်း နေမဝင်ခင် အန်ကာဝပ်ဘုရားကျောင်းကို ပြန်ရမှာ မမီမှာစိုးလို့ .. မုန့်လေးပဲ ဝယ်ပြီး လမ်းမှာ စားလိုက် သွားလိုက်လုပ်ရတယ် ..

တချို့ လူရှင်းပြီး အေးဆေး အနားယူလို့ ကောင်းတဲ့ နေရာ ရောက်တော့လည်း .. ခဏနား အမောဖြေ ပေါ့ ..

အဲဒီလိုနဲ့ အမ်မာ ခဏလေး ထိုင်ပြီးနားနေတုန်း .. ဘေးနားမှာ တခြားတိုးရစ် တစ်ယောက်ကို သတိထားမိလိုက်တယ် .. အကြောင်းက သူရပ်နေတဲ့ နေရာက နံရံနဲ့ အရမ်းကပ်ပြီးတော့ သူ့လက်တွေက နံရံပေါ်မှာ ထွင်းထုထားတဲ့ ပန်းချီ ရုပ်ထုလေးတွေကို စမ်းကြည့်နေတာပါ .. နောက်ပြီးမှ နေကာမျက်မှန်တပ်ထားတာရယ် လမ်းလျှောက် တုတ်လေးရယ်ကို မြင်တော့မှာ အော် မျက်မမြင် ခရီးသွားတစ်ယောက်ပါလားလို့ သိလိုက်တော့တယ် .. နောက်တော့ သူ့နားကို လူတစ်ယောက် ထပ်ရောက်လာပြီး သူ့ကို နံရံပေါ်က ရုပ်ပုံတွေ အကြောင်းရှင်းပြနေတာကိုကြားတယ် .. မျက်မမြင် ခရီးသည်ကလည်း စိတ်ဝင်တစားနဲ့ နားထောင်ပြီး သိချင်တာလေးတွေလည်း ပြန်မေးနေတယ် .. သူ့မျက်နှာက ကြည်ကြည်လင်လင်နဲ့ ပျော်ရွှင်နေတာပဲ .. သူအမြင်အာရုံ မကောင်းတဲ့ကိစ္စကို နည်းနည်းလေးမှ စိတ်အနှောက်အယှက်မဖြစ်တဲ့ ပုံပဲ .. ပြီးတော့ သူတို့ နှစ်ယောက် နောက်တစ်နေရာကို ထွက်သွားပြီး တစ်ခု ပြီးတစ်ခု ဆက်ကြည့်နေတယ် .. အမ်မာက သာ အတွေးပေါင်းစုံနဲ့ တစ်ယောက်တည်းကျန်နေခဲ့တာ ..

လူတစ်ယောက် ပျော်ရွှင်နေဖို့ ဘာအရေးကြီးတာလဲ ?

အလှတရားတွေကို မျက်စိနဲ့ မမြင်နိုင်တော့တဲ့အခါ ခရီးတွေသွားရရင်တော့ ဘာအကျိုးရှိမှာလဲ ?

မျက်စိမြင်ရပြီး ခရီးတွေ သွားခွင့်မရှိတဲ့သူနဲ့ .. မျက်စိမမြင်ရပေမဲ့ ကမ္ဘာပတ်ပြီး ခရီးတွေ သွားနေရသူတို့ .. ဘယ်သူက ကံကောင်းပြီး ဘယ်သူက ကံဆိုးတာလဲ ?

ငါကရော ?

ကံကောင်းလား ကံဆိုးလား ?

အပိုင်း (၆) ဆက်ရန်

အပိုင်း (၆)

ဒီလိုနဲ့ အန်ကာဝပ် ဧရိယာက ဘုရားကျောင်းတွေ တစ်ခုပြီး တစ်ခု .. ဝင်လိုက် ထွက်လိုက်နဲ့ နေစောင်းသွားတယ် .. ဒါတောင် ဘုရားတွေ အားလုံးသွားတာ မဟုတ်ဘူး .. တချို့ နေရာလေးတွေပဲ စိတ်ကူးပေါက်သလိုရွေးသွားတာ .. ဒါပေမဲ့ ညနေ နေဝင်ရင် ဘုရားကျောင်းတွေပိတ်တာမို့ နေမဝင်ခင် အကြီးဆုံး အန်ကာဝပ် ဘုရားကျောင်းကို သွားမယ်ဆိုပြီး ထွက်ခဲ့တယ် .. ( ဒီနေရာမှာ နားမလည်မှာစိုးလို့ .. အန်ကာဝပ်ဆိုတာက ဘုရားကျောင်း အကြီးကြီး တစ်ခုတည်းပါ .. ဒါပေမဲ့ သူ့ဘေးပတ်ပတ်လည်မှာ တခြား ဘုရားကျောင်းတွေလည်း အများကြီးရှိတယ် .. အားလုံးကို ခြုံပြီးတော့ အန်ကာဝပ် ဧရိယာလို့ ခေါ်လိုက်တာပါ .. ဒါပေမဲ့ တခြား ဘုရားကျောင်းတွေမှာ သီးသန့် နာမည် ရှိပါတယ် .. အကြီးဆုံး ဘုရားကျောင်းရဲ့ နာမည်ကိုယူပြီးတော့ နယ်မြေတစ်ခုလုံးကို အလွယ် ခေါ်လိုက်တာပါ ..)

အခု အမ်မာက အဲဒီ ဧရိယာက တခြား ဘုရားကျောင်းတွေ သွားပြီးပြီဆိုတော့ တကယ့် အဓိကနေရာဖြစ်တဲ့ အကြီးဆုံး ဘုရားကျောင်း အန်ကာဝပ်ကို သွားဖို့ ထွက်လာခဲ့တာပါ .. လမ်းမှာတောင် ဂရိလူကြီးနဲ့ ပြန်တွေ့တော့ ရယ်ပြ နှုတ်ဆက်ပြီးတော့ .. ဘုရားကျောင်းတွေရဲ့ ကြီးကျယ် ခန်းနားပြီး အံ့အားသင့်စရာ ကောင်းပုံကို ချီးကျူးနေသေးတယ် .. သူကတော့ တုတ်တုတ် ငှါးပြီး လာတာပါ .. အမ်မာက လျှပ်စစ်ဘီးနဲ့ ဆိုတော့ သူစီးချင်တာ .. ဘယ်နားမှာ ငှါးတာလဲ မေးတော့ စျေးနားလေးမှာ ဆိုပြီးလမ်းညွှန်ပေးလိုက်တယ် ..

အန်ကာဝပ် ဘုရားကျောင်းရှေ့ရောက်တော့ အဝင်လမ်းမှာ တိုးဂိုက်တွေ အများကြီးပါ .. တူညီဝတ်စုံ တွေ ဝတ်ထားကြပြီးတော့ သူတို့ရဲ့ ဂိုက်လိုင်စင်ကဒ်ပြားလေးတွေလည်း လည်ပင်မှာ ဆွဲထားပါတယ် .. အမ်မာကို တွေ့တော့လည်း ဂိုက်တစ်ယောက်က သမိုင်းကြောင်း ရှင်းပြရမလားဆိုပြီး လာမေးပါတယ် .. ဂိုက်ကိုပေးရတဲ့ ဝန်ဆောင်ခက မများပါဘူး .. ဒါပေမဲ့ အချိန်လည်းမရတော့ဘူး .. တစ်ယောက်တည်း အေးအေးဆေးဆေးပဲ သွားချင်တာကြောင့် ဂိုက်မခေါ်ဖြစ်တော့ဘူး ..

ဂိုက်နဲ့သွားရင်တော့ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို သူတို့ သေချာ ရှင်းပြပေးလို့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ် .. ဒါပေမဲ့ အမ်မာ မကြိုက်တာ တစ်ခုက .. ဂိုက်နောက်ကို တစ်ချိန်လုံး လိုက်ပြီးတော့ ကိုယ်သွားချင်တဲ့ နေရာ သွားမရတာပါ .. တချို့ ဂိုက်တွေကတော့ သေချာ စိတ်ရှည်လက်ရှည်နဲ့ ဓါတ်ပုံရိုက်တာတို့ .. လျှောက်ကြည့်တာတို့ကို စောင့်ပေးပေမဲ့ .. စိတ်မရှည်တဲ့ ဂိုက်နဲ့ဆိုရင် .. အမြန်မြန်ဘဲ တစ်နေရာပြီး တစ်နေရာ ခေါ်သွား မြန်မြန်ရှင်းပြ ပြီးတော့ ဓါတ်ပုံသေချာ ရိုက်ဖို့လည်း အချိန်မရပါဘူး .. အဲဒါတွေကြောင့် တစ်ယောက်တည်းပဲ သွားဖြစ်တာများပါတယ် ..

အန်ကာဝပ် ဘုရားကျောင်းကြီးက လက်ရှိ ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်းပါ .. ဟိုးအရင်ကတော့ ဟိန္ဒူဘုရားကျောင်းဖြစ်ခဲ့ဖူးပါတယ် .. နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတွေ အဆင့်ဆင့်ပြောင်းလဲတဲ့အခါမျိုးမှာ .. အဲဒါ မျိုးတွေလည်း ရှိတတ်ပါတယ် ..

အဲဒါကြောင့်မို့ အမ်မာတွေ့ခဲ့ရတဲ့ ဗုဒ္ဓဆင်းထုတော်တွေ တခြား လက်ရာတွေက ဟိန္ဒူ၊ ဗုဒ္ဓဘာသာ ရောနေတဲ့ ယဉ်ကျေးမှုမျိုးပါ .. ထေရဝါဒ ဗုဒ္ဓဘာသာ၊ မဟာယန ဗုဒ္ဓဘာသာ မတူသလိုမျိုး .. အမျိုးအစားကွဲတစ်ခု လို့တော့မြင်မိပါတယ် ..

အန်ကာဝပ်ဘုရားကျောင်းဟာ ကမ္ဘာကျော် ရုပ်ရှင်တွေထဲမှာ မကြာခဏ မြင်တွေ့ရတတ်ပါတယ် .. အခုစာရေးနေတဲ့ အချိန်မှာ အမ်မာ မျက်စိထဲ ပြေးမြင်မိတာကတော့ ဂျက်ကီချန်းကားထဲမှာ ပါတဲ့ ဇာတ်ဝင်ခန်းတွေပါ .. ဒါ့အပြင် India နဲ့ ဟောလိဝုဒ် ဇာတ်လမ်းတွေထဲမှာလည်း ပါတတ်ပါတယ် .. အရမ်းကို ကြီးမား လှပပြီးတော့ .. ရှေးလက်ရာ မပျက် ထိန်းသိမ်း စောင့်ရှောက်ထားတာကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် .. နာမည်ကျော် ခရီးသွားနေရာတစ်ခုဖြစ်လာတာပါ ..

အန်ကာဝပ် ကျောင်းဆောင်ရဲ့ ရှေ့ မြက်ခင်းပြင် နေရာလေးကတော့ နေဝင်ချိန်မှာ ဓါတ်ပုံရိုက်လို့ အကောင်းဆုံးပါ .. လူလည်းရှင်းပါတယ် .. အမ်မာကတော့ ဖုန်းဒေါက်တိုင်လေး ထောက်ပြီး တစ်ယောက်တည်း စိတ်တိုင်းကျ ဓါတ်ပုံတွေရိုက်ခဲ့ပါတယ် .. တစ်ကိုယ်တော် ခရီးသွားရတဲ့ ကောင်းကျိုးတွေထဲက တစ်ခုပါ .. ဓါတ်ပုံရိုက်ဖို့ အချိန် ယူချင်သလောက် ယူလို့ရလို့ပါ .. သူများတွေပါရင် အားနာနေရဦးမှာ ..

အဲဒီလို ပုံရိုက်နေရာကြောင့်ပဲ .. အထဲက ဘုရားကျောင်းထဲ ရောက်တဲ့အခါ အပေါ်ထပ်ကို တက်ဖို့ အချိန်မမီလိုက်တော့ဘူး .. သူက ညနေ ၅ နာရီဆိုညပိတ်ပါတယ် .. ဒါပေမဲ့ အဲဒီနေရာက ကျဉ်းပြီးတော့ လူအများကြီးအတွက် နေရာ မရှိတာကြောင့် အကန့်အသတ်နဲ့ပဲ ပေးဝင်တာပါ .. အမ်မာရောက်သွားတဲ့ အခါမှာလည်း လူတွေများပြီး တိုးနေရတာနဲ့ သွားဖို့လည်း စိတ်မပါတော့တဲ့အတွက် အောက်ဖက်ကနေပဲ ဓါတ်ပုံရိုက်ခဲ့လိုက်တယ် ..

ပြီးတော့ နောက်ထပ် ဓါတ်ပုံရိုက်လေ့ ရှိကြတဲ့ နေရာတစ်ခုကတော့ ရေကန်လေးနားပါ .. နေဝင်ချိန်မှာ ဘုရားကျောင်းရဲ့ အရိပ်ကျတဲ့ဖက်မှာ .. သေချာလေး ရိုက်တတ်ရင် တော်တော်လေးလှပါတယ် .. အမ်မာကတော့ ထုံးစံအတိုင်း လူများတဲ့ နေရာတွေကို ရှောင်ချင်တာနဲ့ မသွားခဲ့ပါဘူး ..

ပြန်ထွက်တော့ လမ်းဘေးဝဲယာမှာ ဆော့ကစားနေတဲ့ မျောက်လေးတွေလည်း တွေ့ခဲ့ပါသေးတယ် .. နေဝင်ပြီးရင်တော့ ဘုရားကျောင်းတွေလည်းပိတ်ပြီး .. ပင်လည်း ပင်ပမ်းလာတာကြောင့် .. တည်းတဲ့ အဆောင်စီပြန် .. လမ်းမှာ လျှပ်စစ်ဘီးကို ဝင်အပ်ပြီး .. ညစာလည်း တစ်ခါတည်းစားခဲ့ပါတယ် .. ကမ္ဘာဒီးယား အစားအစာတွေကလည်း ထိုင်းအစားအစာတွေနဲ့ ဆင်တူပါတယ် .. အထောင်းတွေ .. အကြော်အလှော်နဲ့ ထမင်းဟင်းတွေ မျိုးစုံရပါတယ် … စျေးတွေလည်းတန်ပါတယ် .. အဲဒီဆိုင်မှာလည်း တစ်ခါ ဂရိလူကြီးနဲ့ ထပ်ဆုံပါသေးတယ် .. အမြဲတမ်းဆုံဖြစ်တော့ တော်တော်လေးတောင်ရင်းနီးနေပြီ .. ပြင်သစ်မလေးနဲ့ ဘုန်းကြီးလူထွက်ကိုတော့ ထပ်မတွေ့တော့ပါဘူး .. ဒီနေရာမှာပဲ ရှိသေးလား .. နောက်တစ်နေရာပဲ ထွက်သွားပြီးလား မသိဘူးလို့ တွေးရင်းနဲ့ .. အဆောင်ပြန်ရောက် .. ခဏနား ရေမိုးချိုးပြီး .. တစ်ခါ pub street ဖက်ကို ထပ်ထွက်ခဲ့ပါတယ် .. အစက ဘန်ကောက်ပြန်မယ် စီစဉ်ထားပေမဲ့ .. တစ်ကိုယ်တော် ခရီးသွားရတဲ့ အရသာကို နည်းနည်းစီသိပြီး ကြိုက်နှစ်သက်လာလို့ .. နောက်ရက်ကျရင် မြို့တော် ဖြစ်တဲ့ ဖနွမ်းပင်ပါ ဆက်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ် .. ဒီနေ့ညက ဆင်မရပ်မှာရှိတဲ့ နောက်ဆုံးညပေါ့ .. pub street မှာ လမ်းလျှောက်ရင်း .. ကော့တေးလေး ဘာလေးသောက် .. ပြင်သစ်မလေးတို့နဲ့ တွေ့ရင်လည်း နှုတ်ဆက်ဦးမယ် ဆိုတဲ့ စိတ်ကူးနဲ့ .. အဆောင်ကနေ ထွက်ခဲ့လိုက်တယ် ..

အပိုင်း (၇) ဆက်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top