အပိုင်း (၃)+(၄)

အပိုင်း (၃)

အမ်မာတို့ စီးလာတဲ့ ခရီးသွားကားအကြီး ပေါ်မှာ လူကတော့ နည်းနည်းလေးပါတာပါ .. ၁၀ ယောက်လောက်ပဲရှိမယ်ထင် .. ထိုင်ခုံတော်တော်များများက အလွတ်တွေ .. နောက်မှ သိတာ အဲဒီကားတွေက အမြဲတမ်းပြေးဆွဲနေတဲ့ အဝေးပြေးကားတွေလိုမဟုတ်ဘဲ .. တစ်ခါတစ်လေ လူ ၁၀ ယောက်လောက် စုပြီး မှ ပြေးဆွဲတတ်တဲ့ private ကား ပုံစံမျိုးပဲ .. မြင်သာအောင်ပြောရရင် .. ဘုရားဖူး ကားတွေလိုပဲ .. တစ်ရက်လောက်ပဲ ငှါးပြီး ခရီးသယ် ပို့တာမျိုးပါ .. အဲဒါကြောင့်မို့လို့ ဘာတွေ အဆင်မပြေ ဖြစ်ခဲ့ရလည်း ဆိုတာ အခုပြောပြပါမယ် ..

နယ်စပ်ဂိတ်မဖြတ်ခင် အနားက စားသောက်ဆိုင်မှာ ကားရပ်တော့ အားလုံးဆင်းပြီး အပေါ့အပါးသွားကြ မုန့်စားကြပေါ့ .. ခဏနေတော့ ဗီဇာ ပွဲစားတွေ ရောက်လာတယ် .. ကမ္ဘောဒီးယားလူမျိုးတွေပါ .. အမ်မာတို့ အားလုံးရဲ့ passport တွေ ကိုပြဆိုပြီးတော့ လိုက်စစ်တယ် ပြီးတော့ ဗီဇာ ကိစ္စအတွက် သူလုပ်ပေးပါမယ် ဆိုပြီး .. ဗီဇာကြေး အပြင် ဝန်ဆောင်ခ ဒေါ်လာ 50 ပိုတောင်းတယ် .. အမ်မာကတော့ မြန်မာ ပတ်စ်ပို့ မို့ ဗီဇာ မလိုလို့ ပြသနာမရှိပေမဲ့ .. တခြားလူတွေ အကုန်လုံးက ဥရောပဖက်က လာကြတာမို့ ဆိုက်ရောက် ဗီဇာ လိုပါတယ် .. တချို့ကတော့ online ကနေ ကြို လျှောက်ခဲ့ပြီးပြီ မလိုဘူးလို့ ပြောတော့လည်း .. မင်းတို့ ဂိတ်ဖြတ်ရင် စာရွက်စာတမ်းတွေ ဖြည့် .. ပတ်စ်ပို့စ်တွေ ထပ်ရမယ် .. စောင့်ရတာ ကြာမှာ .. ငါတို့လုပ်ပေးထားမယ် ဆိုရင် မင်းတို့ စောင့်စရာမလိုဘူး .. ဒီမှာ ထမင်းစားနားပြီးတာနဲ့ ဂိတ်ရောက်ရင် တန်းဖြတ်ယုံပဲဆိုပြီး .. အတင်း ဖိအားပေးပြီးပြောတာပါ ..

အမ်မာတို့ ကားပေါ်က လူတွေကကတော့ သူတို့ပြောသလို မလုပ်ချင်ပေမဲ့ .. စျေးလေးနည်းနည်း လျှော့ခိုင်းပြီး လုပ်လိုက်တာ အဆင်ပြေသွားတယ် .. အမှန်တော့ ဗီဇာလုပ်ရတဲ့ ကိစ္စက ရိုးရှင်းပြီး အချိန်လည်းမကြာပါဘူး .. ကိုယ်တိုင်လုပ်လို့ရပါတယ် .. ဒါပေမဲ့ အဲဒီအချိန်မှာ ကားသမားနဲ့ ပွဲစားတွေက တစ်ဖွဲ့တည်းမို့ အတင်းဖိအားပေးခံရပြီး သူတို့ကို ပွဲစားခ ပေးလိုက်ရတယ် … အမ်မာတို့ ကားပေါ်က ဗီဇာလိုတဲ့ သူတွေရဲ့ ပတ်စ်ပို့တွေကို ယူသွားပြီး လူတွေကတော့ ထမင်းစားရင်း စောင့်ကျန်နေခဲ့တာပေါ့ .. ဘယ်သူကမှတော့ စိတ်ထဲမကြည်ကြဘူး .. အဲဒီမှာ ဂရိလူမျိုး အသက် ၄၀ ကျော်လောက်ရှိတဲ့ အမျိုးသားကြီး တစ်ဦးလည်းပါတယ် .. အမ်မာတို့နဲ့ ဗီဇာကိစ္စပြောတဲ့အချိန် အတူတူလာပြီး တစ်ဝိုင်းထဲ ထိုင်ဖြစ်သွားတာ .. ဘုန်းကြီးလူထွက်ရယ် .. ပြင်သစ်မလေးရယ် .. အမ်မာနဲ့ဆို စုစုပေါင်း ၄ ယောက်ပေါ့ ..

သူတို့ မကျေနပ်တဲ့ အကြောင်းတွေ ပြောနေတုန်းရှိသေးတယ် .. ဆိုင်ရှေ့ကို နောက်ထပ် ကားတစ်စီးနဲ့ လူတွေ ထပ်ရောက်လာတယ် .. သူတို့ ကားကတော့ မီနီဗန် အသေးလေး .. အမ်မာတို့ကားကတော့ ကြီးတယ် .. မီနီဗန်ထဲကလည်း လူ ၄၊၅ ယောက်လောက် ဆင်းလာကြတာ မြင်တယ် .. တခြားလူတွေကိုတော့ သတိမထားမိဘူး .. အဲဒီက ဗီဇာ ပွဲစားနဲ့ စကား အခြေအတင်များနေတဲ့ ကောင်မလေး ၂ ယောက် .. ခန့်မှန်းရသလောက်တော့ အသက် ၂၀ ဝန်းကျင်ပေါ့ .. သူတို့က ပွဲစားကို မလုပ်ခိုင်းချင်ဘူး .. နယ်စပ်ရောက်မှ ကိုယ်တိုင်ပဲ လုပ်မယ်ဆိုတော့ ပွဲစားက အကျပ်ကိုင်တယ် .. နင်တို့ ဒီလိုလုပ်လို့မရဘူး .. ငါတို့နဲ့ ဗီဇာမလုပ်ရင် နယ်စပ်ဂိတ်ကို မပို့ပေးဘူးပြောတာပါ .. အဲဒီအချိန်မှာ အခြေအနေတွေက ပိုတင်းမာကုန်တယ် .. ပွဲစားက အမ်မာတို့ ကားကိုလုပ်ပေးတဲ့သူ မဟုတ်ပါဘူး တခြားတစ်ယောက်ပါ .. အဲဒီမှာ ပွဲစားတွေ အများကြီးရှိတယ် .. အဲဒီတစ်ယောက်ကတော့ တော်တော်လေး ဆိုးပြီး ရန်လိုတဲ့ပုံပေါက်ပါတယ် .. စကားပြောတာလည်း အော်ဟစ်ပြီးတော့ ..

အဲဒီအချိန်မှာ မိန်းကလေး ၂ ယောက်ကို အမ်မာတို့ ကားပေါ်က ဂရိလူကြီးက အင်္ဂလိပ်မဟုတ်နဲ့ တခြား ဘာသာ စကားတစ်ခုနဲ့ပြောလိုက်ပါတယ် .. နောက်မှသိတာ စပိန်လိုပါ .. ကောင်မလေးတွေက စပိန်မလေးတွေမှန်း သိလို့ .. ပွဲစားမသိအောင် တစ်ခုခု ပြောလိုက်တာပါ .. အဲဒီအခါမှာတော့ နဂိုကတည်းက ပိုက်ဆံတောင်းတာမရလို့ သောင်းကျန်းနေတဲ့ ပွဲစားက ဒေါသပုန်ထပါတော့တယ် .. အမ်မာတို့ကတော့ ပွဲကြည့်ပရိတ်သတ်ပါ .. ဘုန်းကြီးလူထွက်နဲ့ ပြင်သစ်မလေးကလည်း သူတို့ အချင်းချင်းပဲ ပြင်သစ်လို တိုးတိုးပြောပြီး ရန်ပွဲထဲတော့ ဝင်မပါပါဘူး .. ပြသနာက တော်တော်ကြီးပြီး လွန်တာကတော့ ကမ္ဘောဒီးယား ဗီဇာပွဲစားပါ .. အလုပ်လုပ်တာနဲ့ မတူဘဲ ခြိမ်းခြောက်တာတွေအထိပါပါတယ် .. နင်တို့ ငါတို့နဲ့ မလုပ်ရင် .. နယ်စပ်ကို မပို့ပေးဘူး .. အမ်မာတို့ ရောက်နေတဲ့ နေရာက နယ်စပ်နားဆိုပေမဲ့ ဂိတ်နဲ့တော့ အရမ်းမနီးပါဘူး .. လှမ်းမြင်ရတဲ့ အကွာအဝေးမဟုတ်ဘူး .. ပတ်ဝန်းကျင်မှာလည်း တခြား လူတွေ ဆိုင်တွေ မရှိတဲ့ နေရာမျိုးပါ .. စိတ်ထဲမှာတော့ ပြန်ပေးဆွဲပြီး ဓါးပြတိုက်နေသလို ခံစားရတယ် ..

နောက်တော့ သူ့ဂွင်ကို ဝင်ရှုပ်တဲ့ ဂရိလူကြီးကိုလည်း မင်းသတိထားနေ .. ဒါငါတို့နိုင်ငံ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ် .. မင်းကို thatပြီး သွားပစ်လိုက်ရင်တောင် ဘယ်သူမှ ကယ်လို့မရဘူး ဆိုပြီးတော့လည်း ခြိမ်းခြောက်သေးတယ် .. စပိန်မလေး ၂ ယောက်ကိုလည်း ကားနဲ့ လိုက်မပို့ဘူးဆိုပြီး မောင်းထုတ်တယ် .. နင်တို့ သွားချင်သလို သွားတော့ လိုက်မပို့နိုင်ဘူးဆိုပြီးတော့ .. ကောင်မလေး ၂ ယောက်ကလည်း တော်တော် သတ္တိရှိပါတယ် .. အဲဒီကားက သူတို့ ဟိုတယ်ကနေ စီစဉ်ပေးလိုက်တဲ့ကားပါ .. ဟိုတယ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြပေမဲ့ လက်ရှိ ကားက ပွဲစားလက်ထဲမှာမို့ hotel က ဘာမှ လုပ်ပေးလို့ မရပါဘူး .. နောက်တော့ သူတို့ကို ပြောတာ ကားပြောင်းပေးမယ်ပေါ့ .. ဒါပေမဲ့ နယ်စပ်ထိတော့ ကိုယ်တိုင် သွားလိုက်ပါ .. ဟိုဖက်ရောက်ရင် ကားစောင့်ခိုင်းထားပါတယ်တဲ့ ..

အဲလိုနဲ့ ကောင်မလေး ၂ ယောက်လည်း အထုပ်တွေ ယူပြီး သူတို့ဖာသာ ထွက်သွားတယ် .. နယ်စပ်ရောက်တဲ့ အထိတော့ ဘယ်လိုသွားကြလဲ အမ်မာမသိပါဘူး .. ပွဲစားကတော့ မကျေမနပ်နဲ့ ကျန်ခဲ့တယ် .. ဂရိလူကြီးကို မျက်စောင်းတခဲခဲနဲ့ပေါ့ .. ဂရိကလည်း အကျောတော့ တင်းပါတယ် .. စကားနဲ့ ပြန်ရန်ဖြစ်ပေမဲ့ .. လူကတော့ ဝေးဝေးမှာ နေတယ် .. အမ်မာတို့ ဝိုင်းမှာပဲ ထိုင်နေပြီးတော့ သူ့ကို လက်ပါမှာစိုးလို့ ..

ထမင်းစားပြီးလို့ အမ်မာတို့ကားက ပွဲစားပြန်ရောက်လာတယ် သွားလို့ရပြီဆိုတော့ .. ဂိတ်ကိုဖြတ်ဖို့ ထွက်ခဲ့တော့တယ် .. ကားနဲ့ ဆယ်မိနစ်လောက် မောင်းပြီးမှ ရောက်တာပါ .. ဟိုရောက်တော့ တခြားကားနဲ့ ပါလာကြတဲ့သူတွေရော စုလိုက်တော့ လူများသွားပါတယ် ..

အဲဒီမှာ လည်းတစ်ခါ ပွဲစားက ငွေလဲခိုင်းတာတို့ ဘာတို့လည်း လုပ်သေးတယ် အဓိကကတော့ သူတို့ ပိုက်ဆံရမဲ့ ကိစ္စတွေပါပဲ .. အမှန်တော့ ကမ္ဘောဒီးယားမှာ အမေရိကန် ဒေါ်လာပဲအများစု သုံးကြတာ ငွေလဲစရာမလိုပါဘူး .. အဲဒါကို ငွေလဲရင် သက်သက် သူတို့ ပိုက်ဆံရအောင် ပါ .. အမ်မာတို့ကတော့ တိုင်ပင်ပြီး မလဲတော့ဘူး .. ဟိုတယ်ရောက်မှပဲ လဲမယ်လို့ပြောလိုက်ပါတယ် .. အဲဒီအချိန်မှာ ပွဲစားက လူတွေအများကြီး နယ်စပ်ဖြတ်ရင် အဆင်မပြေဘူး … အဖွဲ့တွေ ခွဲပေးမယ်ဆိုပြီး ပြောပါတယ် ..

အမ်မာတို့ ကားပေါ်က ဂရိလူကြီးကို တခြား ကားက လူတွေအဖွဲ့ထဲ ထည့်လိုက်တော့ ဂရိက ကွန်ပလိန်းတက်ပါတယ် .. ငါမသိတဲ့ သူတွေအဖွဲ့ထဲမနေဘူး .. စောစောကပဲ မင်းတို့ ငါ့ကို thatပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာ .. ငါ့လုံခြုံရေးအတွက် ငါနဲ့သိတဲ့ ကားပေါ်က လူတွေအဖွဲ့ထဲပဲ နေမယ်တဲ့ … အမ်မာတို့ ဘုန်းကြီးလူထွက်တို့ကို ပြောတာပါ .. သူ့ကို ကြည့်ပြီး ရယ်ရခက် ငိုရခက်နဲ့ .. တစ်ရက်တည်းမှာ သင်ခန်းစာလည်း တော်တော် ရလိုက်ပါတယ် .. အရာရာ တိုင်းမှာ ကြောက်နေဖို့ မလိုသလို .. မိုက်ရူးရဲဆန်စရာလည်း မလိုပါဘူး .. သတ္တိရှိရှိ ဥာဏ်ရှိရှိနဲ့ သတိလေးတော့ ထားရမှာပေါ့ ..

နယ်စပ်ဖြတ်တာမှာတော့ ဘာအခက်အခဲမရှိဘူး .. တန်းစီပြီး ဖောင်ဖြည့်ရတယ် .. လက်ဗွေ နှိပ်တာ စကန် .. ပြီးတော့ အောင်မြင်စွာနဲ့ ကမ္ဘောဒီးယား မြေကို ခြေချနိုင်ခဲ့တယ် ..

ဟိုဖက်ရောက်တော့ ကားပြောင်းစီးရပါတယ် .. အဲဒီကားပေါ်ရောက်မှ .. ခုဏက စပိန်မလေး ၂ ယောက်ကို ပြန်တွေ့တော့ အားလုံးက သူတို့ကို လက်ခုပ်တွေတီး အားပေးကြတယ် .. ပြသနာတွေကို ကျော်ပြီး အောင်အောင်မြင်မြင်နဲ့ နယ်စပ်ကို ဖြတ်လာနိုင်ခဲ့လို့လေ ..

နယ်စပ်ဂိတ်ကိုတော့ သူတို့အစီအစဉ်နဲ့ သူတို့ ကားငှါးပြီးလာလိုက်တယ်တဲ့ .. ဒီဖက်မှာ ဂိတ်ဖြတ်တာ ဗီဇာလုပ်တာ ဘာအခက်အခဲမှမရှိဘူး .. (အစက ပွဲစားက ခြိမ်းခြောက်ထားသေးတာ .. နင်တို့ကို ဝင်ခွင့်မရအောင်လုပ်မယ်ဆိုပြီးတော့ ) .. ဒီဖက်ရောက်တော့ သူတို့ ဟော်တယ်က ပြန်ချိတ်ပေးတဲ့ သူနဲ့ ဒီကားပေါ်ရောက်နေတာပဲ ..

စိတ်ထဲမှာလည်း ချီးကျူးမိတယ် .. အသက်ငယ်ငယ်လေးတွေနဲ့ ပြသနာကို အေးအေးတေးဆေး ရင်ဆိုင်နိုင်တယ် တော်လိုက်တာဆိုပြီးတော့ .. ခုဏက သူတို့ဖက်က လိုက်ပြောပေးတဲ့ ဂရိလူကြီးနဲ့တော့ စပိန် ဘာသာစကားတွေ ပြောပြီး အနောက်က ခုံမှာ အတူတူ ထိုင်နေကြတယ် .. ဂရိကလည်း သူ့ကို ပြသနာရှာတဲ့ အကြောင်းတွေ မကျေနပ်ချက်တွေ ပြန်ပြောနေမှာပဲထင်တယ် ..

အမ်မာကတော့ ကားလည်းပြန်ထွက်ရော အရင်လိုပဲ .. နားကြပ်တပ် သီချင်းနားထောင် မျက်စိလေးမှိတ်ပြီး လိုက်လာခဲ့တယ် .. စိတ်ထဲမှာတော့ ဒီနေ့ကြုံခဲ့ရတာတွေ နောက်တော့ တခြားလူတွေကို ပြန်ပြောပြဦးမယ်လို့တွေးမိတယ် ..

(အရင်က ခရီးတွေသာ သွားတာ .. blogs ပုံစံမျိုးတွေ မလုပ်ဖြစ်လို့ .. အခု ၅ နှစ်ကြာပြီးမှပဲ .. ဒါတွေကို ပြန်ပြီး ပြောပြခွင့်ရတော့တယ် )

ကဲ .. တကိုယ်တော် ခရီးစဉ်လေးကတော့ ကမ္ဘောဒီးယားနိုင်ငံထဲ ရောက်လာပါပြီ .. နောက်တစ်ပိုင်းကျမှ .. လည်ပတ်စရာ နေရာတွေနဲ့ တခြား အတွေ့အကြုံတွေ ထပ်ပြီး ဝေမျှပေးပါဦးမယ်

အပိုင်း (၄) ဆက်ရန်

အပိုင်း (၄)

ဆင်မရပ် ရောက်တော့ မိုးချုပ်နေပြီ .. ကားရပ်တဲ့ ကားကွင်းနဲ့ တည်းတဲ့ နေရာနဲ့ကို တုတ်တုတ် တစ်ခါပြန်စီးရမယ် .. ပတ်ဝန်းကျင်ကလည်း လူပြတ်တော့ တစ်ယောက်တည်း တုတ်တုတ်စီးရမှာ မစီးချင်လို့ .. ဟိုဟို ဒီဒီကြည့်ရင်း ပြင်သစ်မလေးက အရင် အမ်မာ့ကို လှမ်းခေါ်တယ် .. လာအတူသွားရအောင်တဲ့ .. ဘေးမှာ ဘုန်းကြီးလူထွက်လည်း ပါတော့ မေးကြည့်ပြီး တည်းတဲ့ နေရာတွေပ သိပ်မဝေးကြဘူး .. pub street လို့ခေါ်တဲ့ ညစျေးနားလေးမှာပဲ ဆိုတော့ အဆင်ပြေပြီ .. နောက်တစ်ခုက ထိုင်းဘတ်နဲ့ ဒေါ်လာမလဲရသေးသလို ပါလာတဲ့ ဒေါ်လာကလည်း ရာတန်မို့ တုတ်တုတ်ပေးဖို့ အကြွေမရှိဘူး .. ဘာပဲပြောပြော သူတို့နဲ့ အတူတူ သွားလိုက်တော့ အဆင်ပြေသွားတယ် .. ငွေလဲတဲ့ နေရာတွေလည်း ပိတ်ပြီမို့ ငါမနက်ကျရင် ပြန်ပေးမယ်ဆိုတော့ ရတယ် ဘာမှမဖြစ်ဘူးတဲ့ .. အဲဒါနဲ့ပဲ pub street မှာ လမ်းခွဲခဲ့ကြတယ် ..

အမ်မာ တည်းတဲ့ နေရာလေးက .. အဆောင်ပုံစံမျိုး .. တစ်ခန်းမှာ ၄ ယောက် ၊ ၆ ယောက် စီ စုပြီး နေကြတဲ့ ပုံစံလေးပါ .. ဆင်မရပ်မှာ ဟော်တယ်ခတွေက အရမ်းစျေးမများပါဘူး .. ဒါပေမဲ့လည်း အဆောင်မှာ နေရတာကို ပိုသဘောကျတဲ့ လူငယ်တွေကတော့ ဒီလိုနေရာမှာပဲ တည်းကြပါတယ် .. အထူးသဖြင့် တကိုယ်တော် ခရီးထွက်လာကြသူတွေပါ .. စုံတွဲတွေနဲ့ မိသားစုတွေကတော့ အဆောင်မှာ တည်းလေ့ သိပ်မရှိကြပါဘူး .. တချို့ ကိုယ်ပိုင်အခန်းကော .. အဆောင်လို အများနဲ့ အတူနေရာတဲ့ နေရာမျိုးကော တွဲပြီး ဖွင့်ထားတဲ့ ဟော်တယ်တွေလည်း ရှိကြပါတယ် ..

တစ်ကိုယ်တော် ခရီးသွားကြတဲ့သူ အများစုက .. အဆောင်မှာနေရင်း တခြားလူတွေနဲ့ မိတ်ဆွေဖွဲ့ကြ .. အတူတူ လျှောက်လည်ကြ စားကြသောက်ကြနဲ့ ပျော်စရာကောင်းပါတယ် ၊ နိုင်ငံပေါင်းစုံက လူပေါင်းစုံ ပါကြလို့ .. မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေကိုလည်း ဖလှယ်ခွင့်ရတာ ကျေနပ်စရာပါ .. အဲဒီအချိန် (၂၀၁၉) လောက်တုန်းကတော့ .. အခုလို ကမ္ဘောဒီးယားဖက် အလည်အပတ်သွားကြတဲ့ မြန်မာလူမျိုးတွေ အများကြီး မရှိသေးလို့ .. အမ်မာ သွားတဲ့ နေရာတိုင်းကတော့ မြန်မာဆိုလို့ အမ်မာ တစ်ယောက်ပဲ တွေ့ရပါတယ် .. အများစုက ဥရောပဖက်ကပါ .. ကျောင်းအားလပ်ရက် ခရီးထွက်လာကြတဲ့ ကျောင်းသားတွေ ပါတယ် .. အလုပ်ကနေ ထွက်ပြီး ကမ္ဘာပတ်ဖို့ သွားနေကြတဲ့သူတွေပါသလို တချို့ကလည်း စီးပွါးရေးလုပ်ဖို့ ကွင်းဆင်း လေ့လာနေကြတာမျိုးလည်း ရှိပါတယ် ..

လူတွေကို မေးလိုက်ရင် အာရှကို ခရီးသွားနေတာ တစ်ယောက်က ၂ လ .. နောက်တစ်ယောက်က ၃ လ နဲ့ တစ်ယောက်တို ၆ လတောင် ကြာပြီလို့ ပြောပါတယ် .. အဲဒီအချိန်တုန်းကတော့ အမ်မာ့စိတ်ထဲ တော်တော်များတယ်လို့ တွေးမိတာပါ .. ခရီးသွားတာ အဲဒီလောက် အချိန်အကြာကြီး လိုလို့လား .. အိမ်ကို မပြန်ဘဲ ဘာတွေများလုပ်နေကြတာလဲလို့ အထူးအဆန်းနဲ့ တွေးခဲ့ဖူးပါတယ် .. အခုအချိန်ပြန်တွေးကြည့်ရင်တော့ အဲလို လူတွေကိုနားလည်နေပြီ ဖြစ်သလို .. ကိုယ်တိုင်လည်း လနဲ့ချီ .. နှစ်နဲ့ချီ ခရီးတွေ သွားနေတဲ့ တစ်ကိုယ်တော် ခရီးသွား တစ်ယောက် ဖြစ်နေလို့ပါပဲ ..

နောက်တစ်ရက် မနက်မှာတော့ ငွေလဲတဲ့ နေရာဆီအရောက်မှာ ပြင်သစ်မလေးကို ထပ်တွေ့ပါတယ် .. သူငွေလဲတဲ့ပုံစံက ထူးဆန်းပါတယ် .. သူလိုချင်တဲ့ ငွေလဲနှုန်းကို သူကိုယ်တိုင် သတ်မှတ်တာပါ .. ငွေလဲ ကောင်တာမှာ ပြထားတဲ့စျေးနဲ့ မလဲပါဘူး .. အမ်မာလည်း ထူးဆန်းလို့ ကြည့်နေတာ .. နောက်ဆုံး သူပြောသလိုပဲ လိုချင်တဲ့ စျေးနဲ့ လဲလို့ရသွားပါတယ် .. သူပြောတဲ့ နှုန်းနဲ့ပဲ အမ်မာ ပါ တစ်ခါတည်း လိုက်လဲတော့ ပုံမှန်ထက် ပိုရလိုက်ပါတယ် .. စိတ်ထဲမှာလည်း သူ့ကို ထပ်ပြီး ချီးကျူးမိပါသေးတယ် ..

အရောင်းအဝယ်လုပ်ရင် စျေးဆစ်ရမှာ ညှိနှိုင်းရမှာ ရှက်စရာမဟုတ်ပါဘူး .. မပေးနိုင်ရင် ပေးနိုင်တဲ့ စျေးနဲ့ ညှိနှိုင်းလို့ရပါတယ် .. ဘယ်သူကမှ အတင်းအကျပ် အရောင်းအဝယ်မလုပ်ပါဘူး .. ရောင်းသူ ဝယ်သူ ၂ ဖက်လုံး အဆင်ပြေမှ အလုပ်လုပ်ကြတဲ့ သဘောကိုလည်း နားလည်ပြီး မှတ်သားမိလိုက်တယ် .. တစ်ကိုယ်တော် ခရီးသွားတာ ၂ ရက်လောက်ပဲရှိသေးတယ် .. သင်ယူမိတဲ့ အရာတွေက အများကြီးရှိနေပါပြီ .. ကိစ္စကြီးကြီးမားမား မဟုတ်ပေမဲ့ သေးသေးလေးတွေအများကြီးကို စီမံနိုင်မှလည်း ဘဝမှာ အဆင်ပြေမှာပါ .. ငွေလဲပြီးတော့ မနေ့က သူစိုက်ပေးထားတဲ့ တုတ်တုတ်ခကို ပြန်ပေးတော့ .. ရတယ် မယူဘူးလို့ ပြောပြီး နှုတ်ဆက် ထွက်သွားပါတယ် .. ငွေကြေးကို သုံးသင့်တဲ့ နေရာမှာသုံး မသုံးသင့်တဲ့ နေရာမှာ မသုံးတဲ့ ပုံစံပဲလို့ စိတ်ထဲ ကောက်ချက်ချမိတယ် ..

အန်ကာဝပ် ဘုရားကျောင်းနယ်မြေက မြန်မာမှာ ရှိတဲ့ ပုဂံလိုမျိုးပါ .. ဘုရားကျောင်းတွေ အများကြီး အဲဒီနယ်မြေထဲက စုဝေးနေကြတာပါ .. နာမည်ကြီး ဘုရားကျောင်းတွေရှိသလို ၊ သိပ်နာမည်မကြီးတဲ့ ဘုရားကျောင်း အသေးတွေလည်းရှိပါတယ် .. အဲဒီ ဘုရားကျောင်းတွေကို လေ့လာကြည့်ရှုချင်ရင်တော့ .. ဝင်ခွင့် လက်မှတ်တွေကို .. 1 Day , 2 Days, 3 Days အဲဒီလို ဝယ်ရပါတယ် .. တစ်ရက်စာ ဝယ်ထားပြီးရင် .. တစ်ရက်လုံး ဘုရားတွေအကုန် ဘယ်နေရာသွားသွားရပါတယ် .. ရောက်တဲ့ နေရာမှာ အဲဒီလက်မှတ်လေး ပြလိုက်ယုံပါပဲ ..

ဒါပေမဲ့ ပထမရက်မှာတော့ အမ်မာ အဲဒီကို မသွားဖြစ်ခဲ့ပါဘူး .. ရောက်ရောက်ချင်း အေးအေးဆေးဆေး နားချင်တာနဲ့ .. မြို့ထဲမှာပဲ လျှောက်ကြည့်ရင်း မုန့်တွေ ပတ်စားလိုက် .. ညနေကျတော့ pub street ထဲ လမ်းလျှောက် .. ညစျေးသွား နဲ့ ပျော်စရာကောင်းပါတယ် .. အပြင်သွားရင်းနဲ့လည်း ပြင်သစ်မလေး .. ဘုန်းကြီးလူထွက် နဲ့ ဂရိလူကြီးတို့ကိုလည်း မကြာကြာ ပြန်ပြန်တွေ့ပါတယ် .. မြို့လေးကလည်း ကျဉ်းပြီးတော့ လာလည်တဲ့ ဧည့်သည်အများစုကလည်း ဒီနား ဝန်းကျင်မှာပဲ နေကြလို့ပါ .. လမ်းသွားရင် တွေ့ရင်တော့ ရယ်ပြ နှုတ်ဆက်ပြီး ကိုယ့်လမ်း ကိုယ် ဆက်ကြတာပါပဲ ..

Pub street မှာ စားသောက်ဆိုင်တွေ ဘားတွေ အများကြီး ရှိပေမဲ့ အမ်မာ သဘောအကျဆုံးကတော့ လမ်းမကြီး ဝဲယာမှာ လှည်းကလေးတွေနဲ့ ရောင်းကြတဲ့ ကော့တေး ဆိုင်လေးတွေပါ .. အဲဒီအချိန်ကတော့ အဲဒီလို တွန်းလှည်းနဲ့ အရက်၊ကော့တေး ရောင်းတဲ့ ပုံစံမျိုးကို ပထမဆုံးတွေ့ဖူးတာပါ .. အမ်မာတိူ့ ဆီမှာဆို .. ကြံရည်တို့ အအေးတို့ ရောင်းတဲ့ပုံစံလိုမျိုးပါပဲ .. သူတို့ကတော့ ညဖက်ကျမှ ဖွင့်ကြပြီး .. မီးရောင်စုံလေးတွေနဲ့ အလှဆင် .. ဆောင်းဘောက်စ်တွေနဲ့ သီချင်းတွေဖွင့်ကြ .. ဘားတွေမှာလို ထိုင်ခုံ အရှည်လေး ၄၊၅ လုံးက ချထားသေးတယ် .. အများစုကတော့ မထိုင်ကြပါဘူး .. ခွက်ကလေးတွေ ကိုယ်စီကိုင်ရင်း အဲဒီဆိုင်ဘေး လမ်းမပေါ်မှာပဲ သီချင်းနဲ့ စည်းချက်ကျကျ ကခုန်နေတာလည်း တွေ့ရတော့ ထူးဆန်း အံ့ဩပြီး သဘောလည်း ကျမိပါတယ် .. ဆိုင်ကြီးတွေမှာ မရနိုင်တဲ့ ခံစားချက်မျိုးပါ .. အမ်မာကတော့ ကြည့်ပဲ ကြည့်ပြီး သွားတော့ မထိုင်ခဲ့ပါဘူး .. လာကြတဲ့ သူတွေအများစုက ဥရောပ နိုင်ငံသားတွေနဲ့ သူငယ်ချင်း မိတ်ဆွေ အဖွဲ့လိုက်တွေ လာကြတာများပါတယ် .. အရင်က မသိလည်း အဲဒီရောက်မှ မိတ်ဖွဲ့လိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ..

အမ်မာကတော့ တစ်ယောက်တည်း အေးအေးဆေးဆေး မုန့်နဲ့ အန်ကာဘီယာလေး ဝယ်ပြီး အဆောင် အပေါ်ထပ်က အမိုးပေါ်လေးမှာ ထိုင်ဖြစ်ပါတယ် .. ရာသီဥတုကလည်းကောင်း ခပ်လှမ်းလှမ်းက ဖွင့်ထားတဲ့ သီချင်းလေးလည်း နားထောင် .. ကနေ ခုန်နေကြတဲ့ သူတွေကိုလည်း ကြည့်ရင်း .. စိတ်ထဲမှာတော့ လွတ်လပ်မှုအပြည့်ကို ခံစားမိခဲ့တယ် ..

ဘယ်သူမှ မသိတဲ့ နေရာမှာ ကိုယ်တစ်ယောက်တည်းဆိုတော့ .. ခံစားချက်က ၂ မျိုး .. လွတ်လပ်မှုကော အထီးကျန်ဆန်မှုကော .. သူငယ်ချင်းတွေနဲ့ လာရရင် ကောင်းမှာပဲလို့လည်း တွေးမိတာ .. အမှန်တော့ ပထမဆုံး အကြိမ် တစ်ကိုယ်တော်သွားတဲ့ ခရီးဖြစ်နေလို့ပါ .. ခုချိန်မှာ ပြန်တွေးမိတော့ .. ထွေထွေထူးထူးလည်း မဟုတ်ပါဘူး .. သူလိုကိုယ်လိုပဲ လူတိုင်း ဖြတ်သန်းရတဲ့ အဆင့် တစ်ဆင့်ပေါ့ .. တစ်ကိုယ်တော် ခရီးသွားရင် ပထမတော့ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ဖြစ်မှာကတော့ ထုံးစံပါပဲ .. အဲဒီအဆင့်တွေ ကျော်သွားပြီးရင်တော့ .. တစ်ယောက်တည်း နေနိုင်သွား ၊ နေတတ်သွားပြီး .. တစ်ယောက်တည်း ခရီးသွားရတာကို အရမ်းကြိုက်မိသွားတာမျိုးပါ ..

အဲဒီညကတော့ ခံစားချက်မျိုးစုံနဲ့ အချိန်ကျော်လွန်ပြီး .. မနက်ဖြန် မနက်ကျရင်တော့ အန်ကာဝပ်ထဲ အလည်အပတ်သွားတော့မှာဖြစ်လို့ စိတ်လည်း လှုပ်ရှားမိပါတယ် ..

အပိုင်း (၅) ဆက်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top