အပိုင်း (၁) + (၂)

တစ်ကိုယ်တော် စွန့်စားခြင်း ခရီးမှတ်တမ်း

(Solo traveller’s diary)

နိဒါန်း

စွန့်စားခြင်းဟု ပြောလိုက်လျှင် လူအများစု ထင်ကြမည်မှာ .. အာဖရိက တောနက်ထဲသွား၍ အသားစား လူရိုင်းများဖြင့် တွေ့ခဲ့လေသလား ၊ တောရိုင်း တိရစ္ဆာန်များဖြင့် လုံးထွေးသတ်ပုတ် တိုက်ခိုက်ခဲ့ရလေသလားဟု တွေးမိချင် တွေးမိလိမ့်မည် .. သို့သော် ဤဒိုင်ယာရီမှာ သာမန် မိန်းကလေးတစ်ယောက်တည်း .. ခရီးသွားစဉ် တွေ့ကြုံခဲ့ရသော အကြောင်းအရာများကို မှတ်တမ်းတင်ထားခြင်းမျှသာ ဖြစ်သည်။ စင်စစ် တခြားလူများအတွက် စွန့်စားခြင်း မဟုတ်သော်ငြား .. စာရေးသူအတွက်မူ .. ဘဝ တစ်လျှောက်လုံး ၌ အထူးခြားဆုံး .. မတူညီမှုအမျိုးမျိုးကို တွေ့ကြုံရင်ဆိုင်ရသောကြောင့် .. စွန့်စားမှုဟု တင်စားခေါ်ဝေါ်လိုက်ခြင်းဖြစ်ပေသည်။

အပိုင်း (၁)

တစ်ကိုယ်တော် စွန့်စားခြင်းခရီးအစ ..

(၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ)

အရင်တုန်းက တခြားပြည်တွင်း ပြည်ပ ခရီးတွေ သွားဖူးပေမဲ့ .. မိသားစု ၊ မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ အတူတူပဲ သွားခဲ့တာမို့ .. တစ်ကိုယ်တော် ခရီး အစစ်အမှန်ကို ပြောရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စတယ်လို့ပြောရမှာပဲ ..

ရန်ကုန်က ထွက်လာတုန်းကတော့ အိမ်က မိသားစုတွေပါတယ် .. သူတို့ကတော့ လည်ပတ်ပြီး တစ်ပတ်အကြာလောက်မှာ ပြန်မယ်ဆိုတော့ .. အမ်မာ ဆက်ပြီး နေချင်သေးတယ် ဆိုပြီးတော့ ဘန်ကောက်မှာနေခဲ့လိုက်တယ် .. အစကတော့ ဘာမှ စီစဉ်ထားတာ မရှိဘူး .. ဘန်ကောက်မှာ မရောက်ဖြစ် သေးတဲ့ နေရာတွေ ထပ်သွားမယ် တစ်ပတ်လောက်နေပြီးရင် ရန်ကုန်ပြန်မယ်ပေါ့ဆိုပြီးပဲ တွေးထားခဲ့တာ ..

ပထမဆုံး ရက် တစ်ယောက်တည်း ဘန်ကောက်မြို့ထဲ စလည်တော့ ချောင်းဖရား မြစ်ကြောင်း တစ်လျှောက်မှာ ရှိတဲ့ ဘုရားတွေ ဘုန်းကြီးကျောင်းတွေနဲ့ နန်းတော် ၊ ပြတိုက်တွေကို သွားကြည့်ဖြစ်တယ် .. ထိုင်းမှာက ခရီးသွားတွေလည်း တော်တော်များတော့ ဘယ်နားသွားသွား တိုးရစ်တွေ အမြဲတွေ့နေရတာပဲ .. ချောင်းဖရားမှာ လှေစီးကြတော့ လက်မှတ်ဝယ်ပြီး စောင့်နေရသေးတယ် .. နိုဝင်ဘာဆိုပေမဲ့ နေကလည်း တော်တော်ပြင်း .. ယူလာတဲ့ ရေဗူးလည်း ကုန်သွားတာနဲ့ အနီးက ဆိုင်လေးမှာ ရေဗူးထပ်ဝယ် .. ကလေးတွေ ဗန်းလေးနဲ့ လိုက်ရောင်းတဲ့ သရက်သီးတို့ ဖရဲသီးတို့လို အသီးတွေလည်း ရေဆာပြေအောင် ဝယ်စားလိုက်သေးတယ် .. အဲဒီလို လှေစီးဖို့ တန်းစီနေတုန်း ကိုယ်နဲ့ ရှေ့ဆင့်နောက်ဆင့် မှာ ကတုံးနဲ့ ဘုန်းကြီးလိုလို ဥရောပ လူမျိုးတစ်ယောက် .. (ဘုန်းကြီးလိုလို လို့ပြောရတာ သူဝတ်ထားတာက ဒီဖက် အာရှဖက်မှာလို အဝါရောင် သင်္ဃန်းလည်းမဟုတ် .. တရုတ်ပြည်က ရှောင်လင် ဘုန်းကြီးတွေလို ဝတ်စုံလည်းမဟုတ် ဟိုမရောက် ဒီမရောက်နဲ့ .. ဘုန်းကြီးနဲ့တော့ သိပ်မတူဘူး) .. အဲဒါသူကလည်း ရေသွားဝယ်ချင်တယ်ပေါ့ .. တန်းစီနေတဲ့ လူတွေကလည်း များလာတာနဲ့ နေရာပျောက်မှာစိုးလို့ အမ်မာ့ကို ခဏလေး သူ့နေရာ စောင့်ပေးထား ပြန်လာမယ်လို့ ပြောပြီးသွားဝယ်တယ် .. ပြီးတော့ပြန်လာ ကျေးဇူးတင်ကြောင်းပြောပေါ့ .. အဲဒီမှာ သူ့ကို သတိထားမိသွားပြီ ..

ဘာကြောင့် ဒါတွေ ထည့်ပြောနေရလဲဆိုတော့ .. အမ်မာက ဒီတိုင်းဆို လူတွေကို သိပ်မှတ်မိလေ့မရှိဘူး .. အခုလို စကားပြောဖူးထားတော့ မှတ်မိသွားတာပေါ့ ..

အဲဒါနဲ့ လှေပေါ်မှာလည်း သူနဲ့အတူတူ စီး၊ ဟိုဖက်ကမ်းရောက်တော့ လမ်းခွဲပြီး ကိုယ်သွားစရာရှိတာသွားပေါ့ .. အဲဒီအချိန်က နေ့လည်ပဲရှိဦးမယ် .. နေ့လည်စာစား အဲဒီနောက်မှာ တော်ဝင်နန်းတော်တို့ ပြတိုက်တို့လည်းသွားပြီးတော့ ညနေစောင်းပြီဆိုတော့ ခေါက်ဆန်လမ်းဖက် လျှောက်ခဲ့လိုက်တယ် .. ခေါက်ဆန်ရောက်တော့ နည်းနည်းစောသေးတာနဲ့ ဆိုင်တွေလည်း မခင်းရသေးဘူး .. ဘေးပတ်ဝန်းကျင်ကို ထပ် စပ်စုကြည့်တော့ .. ခရီးသွားလုပ်ငန်းကြော်ငြာတွေ အများကြီးတွေ့တယ် .. ထိုင်းနိုင်ငံထဲက နေရာတွေကော .. တခြား ကမ္ဘောဒီးယား ၊ လာအို သွားတဲ့ကားတွေကော လက်မှတ်ရောင်းတာတွေ့တော့ သိချင်မိတာနဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတာ .. အထဲမှာ ခုဏက ဘုန်းကြီးလူထွက်ကို ပြန်တွေ့ရော .. သူလည်း ကိုယ့်ကို မှတ်မိတော့ ခေါင်းငြိမ့်ပီးပြုံးပြ နှုတ်ဆက်တယ် .. အမ်မာလည်း ပြန်ပြီးပြုံးပြလိုက်တယ် .. စကားတော့ မပြောဖြစ်ဘူး ..

အဲဒီမှာ စုံစမ်းတော့ ကမ္ဘောဒီးယား ဆင်မရပ် ကိုသွားတဲ့ ကားက .. နှစ်မျိုးရှိတယ် .. စျေးကလည်း အများကြီးမကွာဘူး ဘတ် ၂၀၀ လောက်ပဲ ကွာတာဆိုတော့ .. ဘယ်ကားအဆင်ပြေမလဲ ဆိုင်ရှင်ကိုမေးကြည့်တော့ .. စျေးသက်သာတဲ့ကားကို ညွှန်ပေးတယ် .. အစက စျေးကြီးတာက ပိုကောင်းတယ်လို့ ပြောမယ်ထင်ထားတာ .. အော် စျေးသက်သာပြီး ပိုကောင်းတယ်ဆိုတော့လည်း မဆိုးဘူးပေါ့လေ ဆိုပြီး သူပြောတဲ့ ကားလက်မှတ်ပဲ ဖြတ်ခဲ့လိုက်ပြီး ပြန်ခဲ့တယ် .. ဘာကြောင့် စျေးပေါတဲ့ကားကို ညွှန်းလဲဆိုတော့ နောက်ကျမှပဲ သိတော့တယ် .. တစ်ကိုယ်တော် ခရီးစဉ်အတွက် ပထမဆုံးရတဲ့ သင်ခန်းစာပေါ့ ..

အပိုင်း (၂) ဆက်ပါမည် …

အပိုင်း (၂)

နဂိုက သွားဖို့ အစီအစဉ်မရှိဘဲနဲ့ ခရီးသွားလုပ်ငန်းမှာ ဝင်စပ်စုရင်းနဲ့မှ ကမ္ဘောဒီးယားကို သွားဖို့ လက်မှတ် ဝယ်ဖြစ်သွားတယ် ..

စိတ်ထဲနည်းနည်းတော့ စိတ်လှုပ်ရှားမိတာ .. ထိုင်းနိုင်ငံ အပြင် နောက်ထပ် တစ်နိုင်ငံ ရောက်ဦးမှာပါလား .. နေရာသစ် မှာ လူမျိုးအသစ်တွေ ၊ ဘာသာစကား အသစ် ၊ ငွေကြေးစက္ကူအသစ်တွေနဲ့ ဘာတွေကြုံတွေ့ရမလဲ မသိသေးဘူး ..

ဒီနေ့တော့ ကားဂိတ်ကိုစောစော ထွက်ခဲ့တယ် .. ကားဂိတ်ဆိုပေမဲ့ .. မိုချစ်တို့လို့ ယဉ်ရပ်နားစခန်းမဟုတ်ဘဲနဲ့ .. မနေ့က လက်မှတ် ဝယ်ခဲ့တဲ့ နေရာမှာပဲ ကားက လာခေါ်ပေးမယ်ပြောလို့ .. မနက် ၈ နာရီကားကို ၇ နာရီလောက်ကတည်းက ရောက်နှင့်နေတယ် .. ကိုယ် မသိတဲ့ နေရာမှာဆိုတော့ ဘာလုပ်လုပ် သတိ ဝီရယ နဲ့နေပြီးတော့ တစ်ခုခုဆို ပြင်ဆင်ချိန်ရောက်အောင် စောစောထွက်လာလိုက်တာ .. ချိန်းတဲ့နေရာ ရောက်တော့ ခရီးသွားလုပ်ငန်းရဲ့ ရုံးခန်းက မဖွင့်သေးဘူး .. စောသေးလို့ မဖွင့်သေးတာ နေမှာပါလေ .. ငါရောက်နေတဲ့ အကြောင်း ဖုန်းဆက်ပြောလိုက်ဦးမယ်ဆိုပြီး .. လက်မှတ်မှာ ပါတဲ့ ဖုန်းနံပါတ် ဆက်ကြည့်တော့ မှားယွင်းနေပါသည် .. ဆက်သွယ်၍မရပါတဲ့ .. ဘာလဲဟပေါ့ နည်းနည်းတော့ ကြောင်သွားတယ် .. ဒါပေမဲ့လည်း ရုံးခန်းကြီး ဖွင့်ပြီးတော့တော့ မလိမ်လောက်ပါဘူးလို့ တွေးရင်းက တစ်ယောက်တည်း ယောင်လည်လည် .. ကားက ကျော်ပြီး ကိုယ့်ကိုထားသွားမှာလည်း စိုးတယ် ..

စောင့်ရင်း စောင့်ရင်း ၈ နာရီ ထိုးတော့ .. ကားလည်း အရိပ်အယောင်တောင် မမြင်ရ ၊ ရုံးခန်းလည်း မဖွင့်သေး ၊ ဖုန်းလည်း ဆက်လို့မရတော့ လူက စိုးရိမ်လာပြီ .. ဒီတိုင်းနေလို့ မရဘူး ပတ်ဝန်းကျင်ကို စုံစမ်းဦးမယ်ဆိုပြီး .. ဘေးနားက ဖွင့်တဲ့မုန့်ဆိုင်တွေ လိုက်မေးတော့ အင်္ဂလိပ်စကား တစ်ယောက်မှ နားမလည် .. လည်တဲ့သူကလည်း ပြန်မဖြေတတ် .. တော်တော်ကြီး အခြေအနေကတော့ မလှဖြစ်နေတာ .. အဲဒီလို ယောက်ယက်ခတ်နေတုန်း .. လူတစ်ယောက် အထုပ်အပိုးနဲ့ ကိုယ့်နားလာရပ်တယ် .. ကြည့်လိုက်တော့ မနေ့က ဘုန်းကြီးလူထွက် .. ကိုယ်လည်း နောက်ဆုံး ငါပြောတာ နားလည်မဲ့သူ လာပြီဟဲ့ဆို ဝမ်းသာပြီး သူ့ကိုပြောပြတော့ .. သူက အေးအေးပဲ .. စိတ်မပူပါနဲ့တဲ့ သူလည်း အဲဒီကား လက်မှတ်ပဲ ဖြတ်ထားတာ .. အချိန်တန်ရင် ကားရောက်လာပါလိမ့်မယ်တဲ့ .. ဆိုတော့ကာ အဖော်ရှိသွားပြီဆိုပြီး အလုံးကြီးကျ .. ရယ်နိုင်တော့တယ်

စကားပြောရင်းနဲ့မှ မေးကြည့်တော့ သူက ပြင်သစ်က ဗုဒ္ဓဘာသာ လေ့လာရေးသမား .. ဘုန်းကြီးတော့ မဟုတ်ပေမဲ့ ဘုန်းကြီးကျောင်းမှာနေပြီး ဘာသာရေး လေ့လာတယ်ပေါ့ သူ့အကို အရင်းကလည်း ဘုန်းကြီးဝတ်ထားတာ အဲဒါမို့ သူ့ပုံစံ အဝတ်အစားနဲ့ ကတုံးဖြစ်နေတာ တမျိုးကြီးပဲပေါ့လို့ စိတ်ထဲတွေးနေမိတယ် .. မကြာပါဘူး .. ကျောပိုးအိတ် တလုံးနဲ့ ထောင်ထောင်မောင်းမောင်း မိန်းကလေး တစ်ယောက် ထပ်ရောက်လာတယ် .. သူရောက်လာတော့ ၈:၃၀ လောက်ရှိပြီ .. ကားက ၉ နာရီမှ ထွက်မှာလို့ သူကပြောတော့ ငါတို့ကို ပြောထားတာ ၈ နာရီလို့ .. ကားကော တူလို့လားဆိုတော့ တူပါတယ်တဲ့ ကမ္ဘောဒီးယား ဆင်မရပ်ကို သွားမှာ အများကြီးမရှိဘူးတဲ့ .. နောက်တော့မှ မေးရင်းနဲ့ သိရတာ .. လက်မှတ်ရောင်းတဲ့သူက တစ်ယောက်ကို တစ်မျိုးစီပြောတာ .. ရောင်းတဲ့သူပဲ မတူတာလား မသိဘူးပေါ့ .. စျေးတွေကလည်း မတူ .. ဒီကား တစ်စီးပဲကို တစ်ယောက်က ဘတ် ၅၀၀၊ တစ်ယောက်ကို ၆၀၀၊ နောက် တစ်ယောက်ကို ၇၀၀ နဲ့ ရောင်းထားတာ .. အဲဒီကောင်မလေးက သင်ပေးသေးတယ် .. နင်တို့က စျေးမှမစစ်တာတဲ့ .. ငါ့ကိုလည်း ၇၀၀၊ ၆၀၀ နဲ့ ယူဆိုပြီးပြောတာ ငါက ၅၀၀ ရမှ ယူမယ်ဆိုပြီး စစ်လို့တဲ့ .. ဘဝမှာ ပထမ ဦးဆုံးပဲ.. ကားလက်မှတ် စျေးစစ်လို့ရတယ်ဆိုတာ သိသွားခဲ့တယ် ..

နင်ကရော ဘယ်နိုင်ငံကလဲ လို့မေးတော့ .. ပြင်သစ်ကတဲ့ .. အဲဒါဆို အတူတူပဲပေါ့လို့ ပြောလိုက်တာ .. အမှန်တော့ ဘုန်းကြီးလူထွက်နဲ့ တူတယ်လို့ ပြောလိုက်တာ .. အဲဒါကို ၂ ယောက်က မသိဘဲ အော် နင်ကလည်း ပြင်သစ်ကလားတဲ့ ဆိုပြီးမေးတော့ ရီလည်း ရီချင် .. ဒီလောက် အမ်မာ့ရုပ်က အာရှတိုက်သား ပုံစံဖြစ်နေတာကို .. ထိုင်းနဲ့မှားတယ်ဆို ဟုတ်တုတ်တုတ် .. အဲဒါနဲ့ ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပြီး .. မဟုတ်ဘူးလေ .. နင်တို့ နှစ်ယောက်လုံးက ပြင်သစ်က လာတာလေ အဲဒါမို့ တူတယ်လို့ ပြောတာ .. ငါနဲ့တူတယ်လို့ပြောတာ မဟုတ်ဘူး .. ငါ့ရုပ်ကို ကြည့်လေ ပြင်သစ်နဲ့ ဘယ်နားတူလို့လည်း ဆိုတော့ .. ၂ ယောက်သား အမ်မာ့ကို သေချာကြည့်ပြီး သူတို့သိတဲ့ နာမည်တွေ ရွတ်ပြတယ် .. ပြင်သစ်ကလူနာမည်တွေနေမှာပေါ့ .. ဟိုလူနဲ့ တူတယ် ၊ ဒီလူနဲ့ တူတယ်ဆိုပြီး နောက်နေတာလည်း မဟုတ် အတည်ကြီး .. အမ်မာကတော့ သူတို့ဖြစ်နေတဲ့ ပုံစံကြည့်ပြီး ရီချင်နေတော့တာပဲ .. စိတ်ထဲမှာလည်း .. အော် ပြင်သစ်တွေကတောင် ငါ့ကိုပြင်သစ်နဲ့မှားရအောင် ဘယ်နားများ ပြင်သစ်နဲ့တူနေလဲဆိုပြီး .. ခုဏက ကားမလာသေးလို့ စိတ်ပူနေတာတွေတောင် ပျောက်သွားတယ် ..

၉ နာရီ ဝန်းကျင်ရောက်တော့ ဆိုင်ကယ်နဲ့ ကောင်လေး၂ ယောက် လာခေါ်တယ် .. ဒီနားက ကားရပ်မရလို့ ဟိုဖက်ကို လိုက်ခဲ့ပေးပါတဲ့ .. နည်းနည်းလမ်းလျှောက်လိုက်ရတယ် .. ကားကိုတွေ့တယ် ကားပေါ် လူလည်းမရှိဘူး .. ဗိုက်ကလည်း ဆာနေတာနဲ့ မုန့်နဲ့ အအေးဆင်းဝယ် ပြီး ခုဏက ပြင်သစ်မလေးနဲ့ စကားတွေပြော .. သူအာရှမှာ ဘယ်နှနိုင်ငံ လည်ပြီးပြီပေါ့ .. ဘယ်တွေ ဆက်သွားမယ်ပြောပြတော့ .. အဲဒီအချိန်မှာ အမ်မာ့အတွက်တော့ အထူးအဆန်းပဲ .. ခရီးတွေ အဲဒီလောက်များများ မသွားဖူးသေးဘူးလေ .. သူတို့တွေ တော်တော်များများကတော့ ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ဆက်သွားကြမဲ့သူတွေချည်းပဲ .. အမ်မာကတော့ အဲလောက်ထိ မစဉ်းစားထားဘူး .. အန်ကာဝပ် ကိုလည်ပြီးတာနဲ့ ဘန်ကောက်ကို ပြန်မယ်ပဲ တွေးထားခဲ့တာ .. စကားတွေ စပ်မိတုန်း မြန်မာနိုင်ငံအကြောင်းလည်းပြော .. ဓါတ်ပုံတွေလည်း ပြပြီးတော့ အလည်လာခဲ့ပါဆိုပြီး ဖိတ်လိုက်သေးတယ် .. ကုန်ကျစာရိတ်ကဘယ်လောက်ကျလဲဆိုတော့ .. ထိုင်းထက်တောင် သက်သာတယ်လို့ပြောတော့ အရမ်းတွေ အံ့ဩနေကြတာ .. ရေသန့်ဗူး တစ်ဗူးကို 20 cents လောက်နဲ့ ရတယ် .. 1 dollar ဆိုရင် ဗိုက်ပြည့်မဲ့ အစားအစာ တစ်ခုခု ထမင်း၊ ခေါက်ဆွဲ ကြိုက်တာ စားလို့ရပြီလို့ပြောပြတော့ အလည်သွားဖို့ စိတ်ဝင်စားသွားတယ် ..

၉:၃၀ လောက်မှာ ကားစထွက်တော့ စကားပြောရပ်လိုက်ပြီး .. သီချင်းလေးနားထောင်းရင် မျက်စိလေးမှိတ်ပြီး လိုက်လာတာ .. ကမ္ဘောဒီးယား နယ်စပ်မရောက်ခင်ထိပေါ့ .. နယ်စပ်နားရောက်တော့ .. နယ်စပ်ဂိတ် ဖြတ်တဲ့နေရာကို တန်းခေါ်မသွားဘဲနဲ့ အဲဒီနားက ဆိုင်တစ်ဆိုင်မှာ ခဏရပ်တယ် .. ကိုယ်တွေကတော့ မုန့်စားဖို့ ရပ်တယ်ထင်တာ .. တကယ်တမ်းကျတော့ ဗီဇာပွဲစားတွေရဲ့ စားကျက်ဖြစ်နေတယ် .. အဲဒီအကြောင်းကို နောက်တစ်ပိုင်းကျမှ ဖော်ပြပါတော့မယ်။

အပိုင်း ၃ ဆက်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top