သီရိလင်္ကာကိုဘယ်လိုသွားမလဲ .. ဘယ်နေရာတွေလည်မလဲ

သီရိလင်္ကာနိုင်ငံက လှပတဲ့ကမ်းခြေတွေအများကြီးနဲ့ .. ကုန်းမြင့်တောင်တန်းတွေ အပြင်.. ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံလည်းဖြစ်လို့ လေ့လာစရာ ဘုရားစေတီတွေလည်းအများကြီးရှိပါတယ် ..

ဒါပေမဲ့ အမ်မာကတော့ India မှာတုန်းကလည်း Temples တွေနဲ့ စေတီတွေအများကြီးရောက်ခဲ့ပြီးပြီမို့ .. စွယ်တော်ရှိရာ temple of tooth ကိုပဲ အဓိကထားသွားပြီးတော့ .. ကျန်တာကတော့ ပေါ့ပေါ့ပါးပါး လည်ပတ်လို့ရတဲ့နေရာလေးတွေပဲ သွားခဲ့တယ် ..

ပထမရက် မြို့တော် Colombo မှာ လေယဉ်ဆိုက်တော့ Sri Lanka immigration က သေးသေးလေးပါ လူတွေအများကြီးမရှိဘူး .. တန်းစီစရာလည်းမလိုဘူး (season ချိန်မဟုတ်တာလည်းပါတယ်) .. Immigration မှာ မေးတာက ခါတိုင်းလိုပဲ .. ဘယ်နှရက်နေမှာလဲ .. ဘယ်နေရာတွေသွားမှာလဲ ဒီလောက်ပါပဲ .. အရင်ကတော့ Arrival visa ပေးပေမဲ့ ခုနောက်ကပိုင်း ပိတ်လိုက်ပြီလည်းကြားလို့ evisa ကြိုလျှောက်သွားတာ ပိုကောင်းပါတယ် .. ကိုယ်တိုင်လျှောက်ရင် Visa fees USD 50+ bank charges ပေးရပါတယ် .. (service အပ်ချင်ရင်တော့ အပြီးအစီး USD 70 နဲ့လုပ်ပေးပါတယ်)

Immigration ဖြတ်ပြီး လေဆိပ်ကအထွက်မှာ .. အရပ်ဝတ်နဲ့ ရဲတွေက ထွက်လာတဲ့ လူတွေကို တားပြီး ထပ်စစ်ပါတယ် .. Passport visa စတာတွေပါ .. မကြောက်ပါနဲ့ ကိုယ့်ကိုပဲ စစ်တာ မဟုတ်ဘူး .. လူတိုင်းကို မေးတာပါ .. ဒီတိုင်းပဲ မေးသမျှဖြေလိူက်ပါ .. ဘာမှမဖြစ်ပါဘူး .. စစ်လို့ပြီးသွားရင် .. ငွေလဲဖို့ currency exchange ရယ် SIM card ဝယ်ရမဲ့ နေရာကိုတွေ့ပါလိမ့်မယ် ..

ငွေလဲတာကတော့ နည်းနည်းပါးပါးပဲလဲသွားပါ .. Colombo မြို့ထဲမှာ ငွေလဲလို့ရတဲ့ နေရာတွေရှိပါတယ် .. စျေးပိုပေးတယ် ..

SIM card ကတော့ တစ်လ သက်တမ်းရှိတဲ့ 100 GB ကို 10 USD ပါ .. airtel က လိုင်းပိုကောင်းတယ် .. ဒါပေမဲ့ ဝယ်တဲ့သူများလို့ တန်းစီမစောင့်ချင်လို့ hutch နာမည်နဲ့ဟာပဲ ဝယ်ခဲ့တယ် စျေးက အတူတူပါပဲ ..

Taxi ငှါးဖို့ဆိုရင် uber ရယ် local app က PickMe ပါ .. ၂ မျိုးလုံးအဆင်ပြေတယ် .. စျေးလည်းသိပ်မကွာဘူး .. လေဆိပ်ကနေ မြို့ထဲက တော်တော်တော့ ဝေးတယ် .. 2500-3000 lkr လောက် ပေးရတယ် .. Hostel တွေကတော့ အနည်းဆုံး 2000-3000 lkr ကစပြီးရှိတယ် (around 10 dollars)

အစားအသောက်က အသားငါး နေရာတိုင်းရလို့ အဆင်ပြေပေမဲ့ .. ရွေးချယ်စရာ အမျိုးအစားတော့ နည်းတယ် .. သူတို့စီမှာ အစားများတာ rice and curry ရယ် fried rice, briyani အဲဒါတွေပဲ .. ခေါက်ဆွဲကြော်တို့ ဘာတို့လည်းရတယ် .. အရသာတွေက မြန်မာ ချစ်တီးဆိုင်တွေက အရသာမျိုးပဲ .. စားရတာ အဆင်ပြေပေမဲ့ .. ရက်ကြာလာတော့ ဒါတွေချည်း ထပ်နေလို့ မစားနိုင်ဘူး .. ၄၊၅ ရက်လောက်ပဲ နေမဲ့သူအတွက်ကတော့ ပြသနာမရှိပါဘူး ..

Colombo မြို့ကလည်း ပင်လယ်ဘေးနားမှာပဲ ရှိလို့ .. လည်ပတ်စရာ မြို့ထဲက ကမ်းနားရှိမယ် .. ဘုရားတွေရှိမယ် .. shopping Center တွေရှိမယ် .. ဒီလောက်ပါပဲ .. သီရိလင်္ကာမှာ တစ်မြို့နဲ့ တစ်မြို့ကူးချင်ရင် ရထားကို အသုံးများတယ် .. ဒါပေမဲ့လည်း ကိုယ်သွားမဲ့ အကွာအဝေးရယ် .. ကိုယ်စီးတဲ့ ရထားရယ်ပေါ်မူတည်ပြီး .. 1st class လက်မှတ် ရမရ မသေချာဘူး .. များသောအားဖြင့် fast train နဲ့ special train တွေမှာဆို first class or reserved seat ရတတ်တယ် .. slow train တွေမှာဆို 1st class မပါဘူး .. 2nd and 3rd class တွေက ထိုင်ခုံနေရာ အတိအကျမရှိဘူး … ဦးသူရမျိုးပဲ .. ဆိုတော့ ခရီး သိပ်မဝေးဘူးဆိုရင် အဆင်ပြေတယ် .. ဝေးရင်တော့ ခုံရအောင် ရထားရွေးပြီး ဝယ်ဖို့အကြံပေးချင်တယ် ..

Colombo ကနေ Kandy က ၂ နာရီလောက်ပဲ ဝေးတယ် .. Kandy မြို့လေးက သေးပေမဲ့ ပိုစည်ကားတယ် .. သန့်ရှင်းပြီး လှပတယ် .. အထူးသဖြင့် မြို့လယ် ရေကန်ရှိတဲ့ နေရာပေါ့ .. ရောက်တဲ့ ရက်က နောက်ကျတာနဲ့ ညနေစောင်း ရေကန်ဘေးသွား ရှုခင်းကြည့် ညစာစားပြီး ပြန်ခဲ့တယ် .. နောက်ရက်ရောက်တော့ မနက်စောစောလေး စွယ်တော်ရှိတဲ့ temple of tooth ကိုထွက်ခဲ့တယ် .. ticket က ticket machine မှာ ဝယ်ရတာပါ .. cash နဲ့ပေးလို့ရတယ် .. မြန်မာနိုင်ငံသားတွေအတွက်က ဝင်ကြေး 1500 lkr (USD 5) ပေးရပါတယ် .. ပန်းတွေ ဆီမီးတွေ ကပ်ချင်ရင်တော့ အပြင်မှာကတည်းက ဝယ်သွားနော် ..

စွယ်တော်ကို အနီးကပ်ဖူးချင်တယ်ဆိုရင်တော့ မနက် ၁၀ ခွဲလောက်မှ သွားပါ .. ဒါပေမဲ့သူက စွယ်တော် ထည့်ထားတဲ့ ရွှေရောင်စေတီလေးပဲမြင်ရမှာပါ .. ဖွင့်ပြီးပြတာ ရှားတယ် .. နေ့ထူး နေ့မြတ်တွေနဲ့ အကြောင်းသင့်မှပဲ ဖွင့်ပြတာပါ ..

အထဲမှာ လူများလို့ ကြာကြာ နေလို့မရပါဘူး .. ဖူးပြီး .. ပန်းကပ်ပြီးတာနဲ့ အပြင်ပြန်ထွက် .. အပြင်မှာတော့ Buddhist museum ကိုလေ့လာလို့ရပါတယ် .. နိုင်ငံပေါင်းစုံက Buddhist history တွေကို ရှင်းပြထားတာ .. အမ်မာကတော့သိပ်စိတ်မဝင်စားလို့ မကြည့်ခဲ့ဘူး .. English လိုနဲ့ သီရိလင်္ကာ ဘာသာ၂ မျိုးနဲ့ ရှင်းပြထားတယ် ..

ထပ်ပြီးရှိတာက နန်းတော်ဟောင်းရယ် .. စွယ်တော်ပင့်တဲ့နေရာမှာ သုံးတဲ့ ဆင်လေးတွေရယ် ကြည့်လို့ရတယ် ..

အဲဒီကနေပြီးတော့ တောင်ပေါ်မှာ တည်ထားတဲ့ ဘုရားလေးတစ်ခုရှိမယ် .. နောက်ထပ်ပြီးသွားစရာ kandy viewpoint ရှိမယ် .. view point က မြို့ထဲကနေ မိနစ် ၃၀ လောက် လမ်းလျှောက်ရင်ရပါတယ် .. ဒါပေမဲ့ ကုန်းမြင့်ပေါ်တက်ရတာဖြစ်လို့ မသွားနိုင်ရင်လည်း တုတ်တုတ်နဲ့ သွားလို့ရပါတယ် .. တစ်မြို့လုံးကို မြင်ရတဲ့ ရှုခင်းကအရမ်းလှတယ် .. အပြန်ကျတော့ kandy city centre မှာ ဟိုဟိုဒီဒီလျှောက်ကြည့် စျေးဝယ်ပေါ့ ..

နောက်ရက်ရောက်တော့ Gampola ဆိုတဲ့ မြို့မှာရှိတဲ့ Ambuluwawa tower ကို သွားခဲ့တယ် .. kandy ကနေဆိုရင် မိနစ် ၃၀ လောက် ရထားနဲ့သွားရင် ရောက်ပါတယ် .. ဘူတာရုံကနေ တာဝါကို တုတ်တုတ် ငှါးတာက 2000 lkr ပေးရတယ် .. uber က စျေးနဲ့ ဘယ်သူမှ မလိုက်ဘူးနော် .. သူက တောင်ပေါ်တက်ရတဲ့ လမ်းဖြစ်လို့ .. စျေးပိုများတာ ဒါပေမဲ့ ပေးရတာတော့ တန်ပါတယ် ခရီးကလည်း တော်တော်လေးဝေးလို့ပါ ..

Ambuluwawa tower က .. လှေခါးထစ်နေရာလေးတွေ အရမ်းကျဉ်းပြီး ခြေထောက်ချလို့ ရယုံလောက်ပဲ ရှိလို့ အမြင့်ကြောက်တတ်တဲ့သူတွေတော့ မသွားသင့်ပါဘူး .. ဒါပေမဲ့ အပေါ်က မြင်ရတဲ့ ရှုခင်းက တော်တော်လေးလှတယ် .. ဝင်ကြေးက တစ်ယောက် 2000 lkr ပါ .. တစ်နာရီလောက် အချိန်ပေးပြီး ဓါတ်ပုံရိုက်ပြီးတော့ လာလမ်းအတိုင်းပဲ kandy ကိုပြန်ခဲ့တယ် .. kandy မှာ တစ်ညအိပ်ပြီး နောက်ရက်မှာတော့ Ella ကို ရထားနဲ့ပဲဆက်သွားခဲ့တယ်

Kandy ကနေ Ella ကို သွားတဲ့ ရထားလမ်း တစ်လျှောက်လုံးက ရှုခင်းတွေ အရမ်းလှတယ် .. ထင်းရှူးတောတွေ စမ်းချောင်းတွေ ရေတံခွန်တွေလည်းရှိပြီးတော့ တံတားတွေလည်းရှိတယ် .. နာမည်အကြီးဆုံးတံတားကတော့ Ella နဲ့ demodara ကြားမှာ ရှိတဲ့ nine arches ဆိုတဲ့ တံတားကြီးပါ .. Sri Lanka ကို လာတဲ့ ခရီးသွားတိုင်း မဖြစ်မနေ သွားကြတဲ့ နေရာ တစ်ခုပေါ့ ..

Ella က နာမည်အကြီးဆုံး touristic နေရာတစ်ခုဖြစ်လို့ accommodation တွေကလည်း တခြားမြို့တွေထက် စျေးများပါတယ် .. စားသောက်ဆိုင်တွေ Bar တွေနဲ့ နေရာတိုင်းမှာ tourist တွေချည်းပဲ တွေ့ရတယ် .. မသိရင် vibe က Bali ကျွန်းက Ubud ကိုရောက်နေသလိုလေးပဲ .. ဒါပေမဲ့ Ella က Bali လောက်တော့ လူမများပါဘူး .. အဲဒါကြောင့် Ella မှာ ၂ ညပဲ နေပြီး နောက်ရက် Haputale ဆိုတဲ့ မြို့လေးကို ထပ်သွားခဲ့တယ် ..

Ella နဲ့ Haputale မြို့တွေက တောင်ပေါ်မြို့တွေဖြစ်လို့ လည်ပတ်စရာနေရာတွေက တောင်ပေါ် view point တွေရယ် .. လက်ဖက်စိုက်ခင်းတွေနဲ့ ရေတံခွန်တွေ သွားချင်ရင်လည်းရပါတယ် .. အမ်မာကတော့ တည်းတဲ့ hostel လေးက view point မှာတင်ရှိတာမို့ ဘယ်မှမသွားတော့ပဲ .. hostel မှာပဲ တစ်နေကုန် ရှုခင်းကြည့်လိုက် မုန့်စားလိုက် .. hostel က သူငယ်ချင်းတွေနဲ့ အတူတူ သောက်ကြစားကြ နဲ့ ၂ ရက်လောက် အနားယူလိုက်ပြီးတော့ .. နောက်ရက်ကျတော့ Nuwara Eliya ဆိုတဲ့ မြို့ကို ဆက်သွားခဲ့တယ် .. (တချို့တွေက အဲဒီမြို့တွေကို အရင်သွားပြီးမှ Ella ကို သွားကြတာပါ .. အမ်မာကတော့ နောက်ကြောင်းပြန်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ် .. ဘာဖြစ်လို့လဲဆိုတော့ Ella ကနေ ဆက်သွားရမဲ့ နေရာတွေက ရထားနဲ့ သွားလို့ မရတော့လို့ပါ Bus တော့ ရှိပေမဲ့ အချိန်ကြာတာကြောင့် .. မစီးချင်လို့ပါ)

Nuwara Eilya ကိုတော့ local တွေက little England လို့ ခေါ်ကြပါတယ် .. တောင်တွေပတ်ပတ်လည်ကြားမှာ ရှိတာဖြစ်ပြီးတော့ ရာသီဥတုကလည်း .. မနက်နေသာလိုက် ညနေမိုးရွာလိုက်နဲ့ ပိုဆိုးတာက အမ်မာသွားတဲ့အချိန်က moon soon season ဖြစ်နေတာကြောင့်ပါ .. Nuwara Eliya မှာ မြင်းစီး club တွေရှိပြီးတော့ ဝါသနာပါရင် ပန်းခြံတွေမှာလည်း မြင်းစီးလို့ရသေးတယ် .. နေရာတိုင်း နီးပါးမှာ မြင်းတွေ ကျောင်းနေတာ မြင်ရတာ တမျိုးလေး ထူးဆန်းပြီး ကြည့်လိူ့ကောင်းပါတယ် ..

ဒါပေမဲ့ ရာသီဥတု မကောင်းတာကြောင့် တစ်ညပဲနေပြီး နောက်ရက်မှာတော့ Colombo မြို့ကို ရထားနဲ့ပဲ ပြန်ခဲ့တယ် .. အပြန်ခရီးကတော့ ၈ နာရီလောက် ကြာလို့ နည်းနည်းတော့ ပင်ပမ်းပါတယ် .. Colombo မှာ ၂ ရက်လောက်နားပြီးတောါ ကမ်းခြေတွေဖက် ခြေဦးလှည့်ဖို့ Mirissa ကို အရင်ဆုံး သွားပါတယ် .. သူက Colombo ကနေဆို တောင်ဖက် အဝေးဆုံး မှာ ရှိတဲ့ နာမည်ကြီး ကမ်းခြေ တစ်ခုပါ .. တခြား ကမ်းခြေတွေလည်း အများကြီးရှိပေမဲ့ Mirissa ကတော့ ပိုပြီးနာမည်ကြီးပါတယ် .. သွားကြတဲ့လူလည်း ပိုများတယ် .. အမ်မာကတော့ Mirissa မှာ ၂ ညနေပြီးတော့ Ahamgama ကမ်းခြေကို ထပ်သွားတယ် .. တစ်နာရီလောက်ပဲ ဝေးတာပါ .. Bus လေးနဲ့ပဲ စီးရင်ရောက်ပြီးတော့ 100 Lkr ပဲပေးရပါတယ် ..

Ahamgama ကတော့ Mirissa နဲ့ မတူပဲ vibe လေး တစ်မျိုးထူးပါတယ် .. ခံစားချက်ကဘတစ်မျိုးစီမို့ ၂ နေရာလုံးသွားလည်း မပျင်းရဘူး .. Ahamgama ရောက်တော့ surfing လည်း လုပ်ခဲ့သေးတယ် .. တစ်နာရီ သင်ပေးတယ် 3500 lkr ပါ .. အမှန်တော့ ၁ နာရီဆက်တိုက်မလုပ်နိုင်ဘူး ပင်ပမ်းလို့ .. အဲဒီနေ့ကတော့ ပင်ပမ်းပြီး ဘယ်မှထပ်မသွားတော့ပဲ အစောကြီးအိပ်လိုက်ပြီး နောက်ရက်ကျတော့ Galle (ဂေါလ် လို့အသံထွက်ပါတယ် ) ကိုဆက်သွားဖြစ်တယ် ..

Galle မှာက Dutch လူမျိုးတွေ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင် ခံတပ်

တံတိုင်းကြီးနဲ့ တံတိုင်းအထဲမှာ Galle မြို့ဟောင်းလေးရှိပါတယ် .. မြို့ဟောင်းထဲမှာက အကုန် ကိုလိုနီခေတ်က အဆောက်အဦးတွေချည်းပဲ ဖြစ်ပြီးတော့ .. အခုအချိန်မှာကတော့ tourist တွေ လာရောက် လည်ပတ်တဲ့ နေရာ တစ်ခုဖြစ်လို့ .. Hotel တွေ နဲ့ စားသောက်ဆိုင်လေးတွေ .. လက်ဆောင်ပစ္စည်းနဲ့ လက်မှုပစ္စည်း ရောင်းတဲ့ ဆိုင်လေးတွေ ရှိပါတယ် .. ကျောက်အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေလည်း ခရီးသွားတွေ ကြားမှာ တော်တော်လေး popular ဖြစ်တယ် ..

သီရိလင်္ကာရဲ့ ကမ်းခြေမြို့လေးတွေတိုင်းမှာက ငါးဖမ်းလှေတွေနဲ့ တစ်နိုင် တစ်ပိုင် လုပ်ကိုင်စားသောက်ကြတဲ့ တံငါ ငါးဖမ်းသမားတွေ ရှိကြပါတယ် .. မြို့ကြီးတွေမှာလို .. စျေးတွေမှာ ရောင်းကြတာမျိုးမဟုတ်ဘဲနဲ့ .. ဖမ်းမိလာတဲ့ငါးတွေကို ပင်လယ်နားမှာပဲ လှေကမ်းကပ်ပြီး ရောင်းကြတာ လတ်လတ်ဆတ်ဆတ်ပါတယ် .. တချို့တစ်ခါတည်း ကင်ပေး ချက်ပေးတဲ့ဆိုင်တွေလည်း ရှိပါတယ် .. စားသောက်ဆိုင်ကြီးတွေမှာလောက် စျေးလည်း အရမ်းမများဘဲ အရသာလည်းရှိလို့ .. သီရိလင်္ကာရောက်ရင် စမ်းကြည့်ကြဖို့ အကြံပေးပါတယ် ..

အပေါ်မှာ ပြောခဲ့တဲ့ နေရာတွေအကုန်လုံးကို ၈ရက် – ၉ ရက်လောက်အချိန်ပေးပြီး သွားရင်ရပါတယ် .. အမ်မာကတော့ တစ်နေရာရောက်ရင် အေးအေးဆေးဆေး အကြာကြီးနေတာဖြစ်လို့ ၂၄ ရက်လောက် ကြာသွားပါတယ် ..

ပြန်ခါနီး အချိန်ရသေးလို့ လေဆိပ်နားမှာ ၁ ရက် ၂ ရက်လောက်နေချင်ရင်တော့ Negambo ဆိုတဲ့မြို့လေးကို သွားလို့ ရပါတယ် .. လေဆိပ်နားတင်ဖြစ်လို့ အချိန်ကုန်သက်သာပြီး နောက်ထပ် နေရာအသစ်တစ်ခု ရောက်တာပေါ့နော် ..

အဲဒါဆိုရင်တော့ အမ်မာ သွားခဲ့တဲ့ နေရာတွေ အကြောင်းကတော့ စုံပါပြီ .. ဒါပေမဲ့ မသွားခဲ့တဲ့ နေရာတွေလည်း ရှိပါသေးတယ် .. အဲဒီနေရာကတော့ ဘုရားဖူးသီးသန့် သွားချင်တဲ့ သူတွေဆို ပိုအဆင်ပြေပါတယ် ..

ဟုတ်ပါပြီ ဒီလောက်ဆို သီရိလင်္ကာ ကိုယ်တိုင်သွားချင် တဲ့ သူတွေအတွက် အချက်အလက်လေးတွေ နည််းနည်းလောက် ရသွားမယ်ထင်ပါတယ် .. တခြားသိချင်တာရှိရင်လည်း messenger ကနေ လာပြီးမေးလို့ရတယ်နော် .. 😊 Thank you

Leave a Reply

Back to top