အပိုင်း (၇) + (၈)

အပိုင်း (၇)

မနက်စာစားပြီး ဖနွမ်းပင်သွားဖို့ ကားကွင်းကို အသွား လမ်းမှာ စိတ်ထဲ မကောင်းသလိုခံစားရတယ် .. ဒီ နေရာ ဒီပတ်ဝန်းကျင်လေးမှာ ၃၊၄ ရက်လောက် နေခဲ့တယ် .. ခဏလေးဆိုပေမဲ့ ကိုယ်အိပ်ခဲ့တဲ့ အိပ်ယာလေးတွေ .. စားနေကျ မုန့်ဆိုင် .. ညဖက်တိုင်း လမ်းလျှောက်ဖြစ်တဲ့ ညစျေးတဝိုက် .. တွန်းလှည်းလေးတွေနဲ့ ကော့တေးဘားလေးတွေ .. နောက်ပြီး ခရီးတလျှောက်မှာ တွေ့ခဲ့ ခင်ဖူးခဲ့တဲ့လူတွေ .. နောက်တစ်ခါ တွေ့ဖြစ်ပါတော့မလားမသိဘူး .. ဒီမြို့လေးကိုရော နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ပါ့မလား .. အခုအချိန်ဟာ နောက်ဆုံးလည်း ဖြစ်နိုင်တယ်လို့ တွေးမိရင်း စိတ်မကောင်းဖြစ်မိတယ် .. အဲဒီအချိန်ကတော့ ပထမဆုံး ခရီးလေးဖြစ်တော့ ဝမ်းနည်းမိတာပဲ ခွဲခွါခြင်းတွေနဲ့ အသားမကျသေးဘူးလေ ..

ဆင်မရပ်ကနေ ဖနွမ်းပင်ကိုကျတော့ တစ်နိုင်ငံထဲမှာပဲ သွားတာဖြစ်လို့ ဘာမှ ထွေထွေ ထူးထူး ပြသနာမရှိတော့ဘူး .. ထိုင်းက လာတုန်းကသာ နယ်စပ်ဖြတ်ရတာမို့ .. ပြီးတော့ ခရီးသွား လုပ်ငန်းကို ယုံကြည်ပြီးတော့ သူတို့ပြောတဲ့ ကားနဲ့ လာမိတာကြောင့်လည်း ပါတယ် .. ဒီတစ်ခေါက်တော့ ကိုယ့်ဖာသာပဲ အင်တာနက်ပေါ်ကရှာပြီး giant ibis ဆိုတဲ့ ခရီးသွားကားကိုပဲ လက်မှတ်ဖြတ်လိုက်တာ အကုန်အဆင်ပြေတယ် .. ကားကလည်း ကောင်းသလို ဝန်ဆောင်မှုကလည်း ပြောစရာမလိုဘူး .. တခြား ခရီးသွားတွေလည်း အများကြီးပဲ ရှိတယ် .. အများစုကတော့ ဥရောပသားတွေပါပဲ .. အာရှအနှံ့လျှောက်သွားနေကြတာ .. အာရှသားတွေတောင် သိပ်မတွေ့ဘူး ..

ဖနွမ်းပင်ရောက်တော့ ငှါးထားတဲ့ အဆောင်လေးက ဆင်မရပ်ကလိုပဲ ၆ ယောက်ခန်း မိန်းကလေး သီးသန့်ပေါ့ .. (အချို့ ယောက်ျားလေး ၊ မိန်းကလေး အရော အခန်းတွေလည်းရှိတတ်တယ်) .. ဝင်ဝင်သွားချင် ဧည့်ကြိုကောင်တာက ကောင်မလေးက ကမ္ဘောဒီးယားလိုတွေ လာပြောတော့ .. နားမလည်ဘူး .. ငါ ဘိုကင်တင်ထားတယ်လို့ ဆိုပြီး ပတ်စ်ပို့ ထုတ်ပေးလိုက်တော့မှ .. ဟယ်ဟုတ်လား ဆောတီးပါ .. ငါက နင့်ကို ငါတို့လူမျိုးထင်နေတာဆိုပြီးတော့ ပြောပါတယ် .. တကယ်လည်း ကမ္ဘောဒီးယားနိုင်ငံက လူတွေက မြန်မာတွေနဲ့ ကိုယ်လုံးကိုယ်ထည် မျက်နှာကျတွေ ဆင်ပါတယ် ..

ရပါတယ် ကိစ္စမရှိဘူးလို့ ပြောလိုက်ပြီး သူပေးတဲ့ အခန်းသော့ရယ် .. လိပ်စာကဒ်လေးရယ်ကို ယူလိုက်တယ် .. လိပ်စာကဒ်မှာက သူတို့ ဧည့်ကြိုကောင်တာရဲ့ ဖုန်းနဲ့ပါတ်နဲ့ တခြား အချက်အလက်တွေ ရေးထားတာပါ .. အဲဒီမှာ အမ်မာ အံ့ဩသွားတာလေးတစ်ခုရှိတယ် အဲဒါကတော့ အဆောင်ရဲ့ နာမည်က “မာယာ” လို့ မြန်မာစာလုံးနဲ့ ပီပီသသကြီး ရေးထားတာပါ .. ဘယ်လိုဖြစ်တာလဲပေါ့ .. website ကနေ ဘိုကင်လုပ်တုန်းကတော့ MaYa ဆိုပြီး အင်္ဂလိပ်ရေးထားတော့ အထူးအဆန်းမဟုတ်ဘူး ..

အဲဒါနဲ့ စပ်စုချင်လို့ ဝန်ထမ်းကောင်မလေးကို မေးကြည့်တော့ သူက အဲဒါ ကမ္ဘောဒီးယားစာလုံးပါတဲ့ .. သူတို့ ဆီမှာလည်း “မာယာ” ကို အဲဒီလိုပဲ ရေးကြပါတယ် .. အဓိပ္ပါယ်က ဘာလဲတော့ အမ်မာလည်း မမေးကြည့်မိဘူး .. ဘာပဲပြောပြော ကိုယ်မသိတာတစ်ခု ထပ်သိလိုက်ရပြန်ပါပြီ .. ခရီးတွေ သွားရတာ အသစ်အသစ်သော ဗဟုသုတတွေရတာ ကောင်းသားပဲလို့ တွေးလိုက်မိတယ် ..

ချက်ကင် ဝင်ပြီး ပစ္စည်းတွေ နေရာချနေတုန်းရှိသေးတယ် .. အခန်းထဲကို roommate အသစ် တစ်ယောက် ရောက်လာတယ် .. သူက မျက်နှာချင်းဆိုင်ဖက်က ကုတင်မှာ နေရာယူပြီးတော့ အမ်မာ့ကို လာနှုတ်ဆက်တယ် .. အဲဒါနဲ့ စကားတွေ ပြောဖြစ်တော့ သူက အင်ဒိုနီးရှားကလာတာ .. အစက သူ့ချစ်သူကောင်လေးနဲ့ အတူတူ လာမယ်လို့ ရည်ရွယ်ထားတဲ့ ခရီးကို .. မလာခင် တစ်ရက်လောက်ကမှ ပြသနာတက်ပြီး လမ်းခွဲလိုက်ကြတာတဲ့ .. အစကတော့ သူလည်း တစ်ယောက်တည်း ခရီးမသွားချင်တော့ဘူး လုပ်နေပြီးမှ .. စိတ်ညစ်ညစ်နဲ့ ထွက်ပေါက်ရှာရအောင် လာခဲ့လိုက်တယ်ပေါ့ .. သူက သူ့ဇာတ်လမ်း အရှည်ကြီး ပြောပြပြီး မောသွားဟန် ရှိပါတယ် .. “နင် ညစာစားပြီးပြီလား မစားရသေးရင် အတူတူသွားစားကြမယ်လေ .. ပြီးတော့ ငါ အသည်းကွဲထားလို့ သောက်လည်း သောက်ချင်တယ်” တဲ့

အမ်မာကလည်း အဖော်ရသွားတော့ ပျော်တာနဲ့ ကောင်းသားပဲ ဒီနားလေးမှာ ညစျေးရှိတယ် အဲဒီမှာ သွားစားရအောင်လို့ နှစ်ယောက်သားတိုင်ပင် .. ခဏနေတော့ ရေချိုး အဝတ်အစားလဲပြီး ထွက်ခဲ့တယ် ..

အပိုင်း (၈) ဆက်ရန်

အပိုင်း (၈)

ညစျေးထဲ လမ်းလျှောက်ကြည့်တော့ အများစုက ထိုင်းအစားအစာတွေလို သင်္ဘောသီးထောင်းတို့ အကင်တို့တွေများတယ် .. အမ်မာတို့ ရောက်တဲ့ အချိန်က တိုက်တိုက် ဆိုင်ဆိုင် ကမ္ဘောဒီးယားရဲ့ ရေသဘင်ပွဲတော်နဲ့ သွားတိုက်ဆိုင်နေလို့ လူတွေများပြီး တော်တော်လေး စည်ကားပါတယ် ..

(ရေသဘင်ပွဲဆိုတာ သူတို့ပြောတဲ့ water festival ကို အဆင်ပြေသလို ဘာသာပြန်လိုက်တာပါ .. အမှန်တော့ သူတို့ဆီက water festival က မြန်မာတို့ ထိုင်းတို့မှာလို ရေပက်ပြီး ဆော့ကစားကြတာ မဟုတ်ပါဘူး .. အမ်မာမြင်ခဲ့တာကတော့ လှေလှော်ပြိင်ပွဲတွေ ကျင်းပကြတာပါ .. မနက်ပိုင်းဆို ရိုးရာလှေ အရှည်ကြီးတွေနဲ့ ပန်းတိုင်းကို အမြန်ဆုံးရောက်အောင် ပြိုင်ဆိုင်ကြပါတယ် .. ညဖက်ဆိုရင်တော့ အလှဆင်မီးတွေနဲ့ လှေတွေ ပြိုင်ကြတာပါ .. ဘယ်အဖွဲ့က ပိုပြီး ဒီဇိုင်းဆန်းဆန်း လှလှ ဖန်တီးနိုင်လဲဆိုတာကိုပေါ့)

ညစျေးထဲမှာလည်း စင်မြင့်တစ်ခုရှိပြီး သီချင်းဆို၊ ကပြ ဖျော်ဖြေရေး အစီအစဉ်တွေလည်းရှိပါသေးတယ် .. ခဏလေး ရပ်ပြီး စပ်စုကြည့်တဲ့အခါမှာတော့ သူတို့ကမ္ဘောဒီးယား ဘာသာစကားကို နားမလည်ပေမဲ့ .. သံစဉ် တီးလုံးလေးတွေက မြူးကြွပြီး ချစ်စရာကောင်းသလို ရယ်လည်းရယ်ရပါတယ် .. ဘာနဲ့ တူလဲဆိုတော့ .. ထိုင်းဟာသ ရုပ်ရှင်တွေထဲမှာပါတဲ့ တီးလုံးမျိုး .. ကကွက်မျိုးတွေပါ .. ကြည့်ရတာ တော်တော်လေး ပျော်စရာကောင်းပါတယ် .. အဖွဲ့လိုက်တွေ ခေတ်ဆန်ဆန် ဝတ်စား ဆင်ယင်ထားပြီးတော့ .. ကိုရီးယားစတိုင်နဲ့ အိုပါဂန်းနမ်းစတိုင် ကိုလည်း လိုက်ဆို လိုက်ကကြသေးတယ် .. အင်ဒိုမလေးကလည်း သဘောတွေကျပြီး ဗီဒီယိုလေးတွေ လိုက်ရိုက်ပါတယ် .. အခုကျတော့ သူ့ပုံစံက အသည်းကွဲနေတဲ့ သူလို့တောင် မထင်ရပါဘူး .. ညစျေးက အပြန် မြို့ထဲတစ်ပတ်ပတ်ကြည့်တော့ .. ဘားတွေ ကလပ်တွေ အများကြီးရှိတဲ့ လမ်းကို ရောက်ပါတယ် .. ခရီးသွားများတဲ့ နေရာမှာတော့ ဒီလိုဆိုင်တွေ ရှိတာ မထူးဆန်းပါဘူး .. နိုင်ငံခြားသားတွေနဲ့ပဲ ပြည့်နေတာပါ .. ဒါပေမဲ့ ဝန်ထမ်းတွေကတော့ မိန်းကလေးများပါတယ် .. ထိုင်းမှာရှိတဲ့ နန ပလာဇာမှာလိုပါပဲ .. လှလှပပတွေ ဝတ်စားပြီးတော့ တချို့က ဆိုင်ထဲကနေ ထိုင်စောင့်ပြီး ဧည့်ကြိုကြတယ် .. တချို့ကတော့ ဆိုင်ရှေ့ထွက် လမ်းမပေါ်မှာ ဖြတ်သွားတဲ့ လူတွေကို ပရိုမိုးရှင်းဆင်းကြပါတယ် ..

အမ်မာတို့လည်း မိန်းကလေး ၂ ယောက်တည်းဖြစ်နေတာနဲ့ ဆိုင်မှာမထိုင်ချင်တော့ဘူး .. ငါတို့ ဗူးဝယ်သွားပြီး အဆောင်ရောက်မှ သောက်မယ်ဆိုတော့ သူလည်းသဘောကျသွားတယ် .. အဲဒါနဲ့ အန်ကာဘီယာတွေရယ် မုန့်တွေ အာလူးကြော်တွေ ဝယ်ပြီးပြန်ခဲ့တယ် ..

အဆောင်ပြန်ရောက်တော့ အပေါ်ထပ်မှာ အေးအေးဆေးဆေးထိုင် စားသောက်လို့ရတဲ့ common area ရှိပါတယ် .. ဧည့်ခန်းပုံစံမျိုးပေါ့ .. အဲဒီမှာ ၂ ယောက် ထိုင်နေကြတုန်း .. အဲဒီအဆောင်မှာပဲ နေတဲ့ တခြားလူတွေ ရောက်လာပါတယ် .. တချို့ကလည်း ရယ်ပြ နှုတ်ဆက်ပြီး သူတို့ဘာသာ စားသောက်ပေါ့ .. တချို့ကတော့ အမ်မာတို့နဲ့ စကားပြော မိတ်ဖွဲ့ပါတယ် .. အဲဒီမှာ စကားပြောဖြစ်သွားတာက အိန္ဒိယကောင်လေး တစ်ယောက်ပါ .. မေးကြည့်တော့ သူက အလည်သက်သက် လာတာတော့ မဟုတ်ဘူး .. ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်မှာ အလုပ်တွေရှိလို့ သွားလိုက် ပြန်လိုက် လုပ်နေတယ်လို့ပြောပါတယ် .. အမ်မာလည်း ဗီယက်နမ် မရောက်ဖူးသေးတော့ စပ်စုချင်တာနဲ့ သူ့ကိုမေးကြည့်တာ .. ဖနွမ်းပင်နဲ့ အနီးဆုံးမြို့ကတော့ ဟိုချီမင်းပါ .. တိုက်ရိုက်ရောက်တဲ့ ကားတွေရှိသလို .. လူများရင်တော့ ကားသေးလေးတွေ စုပြီးငှါးသွားလို့ရပါတယ် .. သူကတော့ ဆိုင်ကယ်ရှိနဲ့အတွက်ကြောင့် ဆိုင်ကယ်နဲ့ပဲ သွားတယ်လို့ပြောတယ် ..

အမ်မာကတော့ စိတ်ထဲမှာ ဒါပြီးရင် ဟိုချီမင်းဆက်သွားရင် ကောင်းမလား တွေးနေတုန်းပဲရှိသေးတယ် .. အင်ဒိုမလေးနဲ့ အိန္ဒိယကောင်လေးတို့က ချိန်းပြီးသွားကြပါပြီ .. ကောင်လေးက မနက်ဖြန် အလုပ်ကိစ္စရှိလို့ ဟိုချီမင်းသွားမှာ နေ့ချင်းပြန်ဆိုတော့ အင်ဒိုမလေးက သူပါလိုက်မယ်ဆိုပြီး အဆင်ပြေသွားတာပါ .. အမ်မာကိုလည်း လိုက်ခဲ့ပါလားဆိုပြီး ခေါ်သေးတယ် .. အမ်မာက သွားချင်ပေမဲ့ မနက်ဖြန်တော့ မသွားသေးဘူး .. ငါဒီ ဖနွမ်းပင်မှာတောင် ဘယ်မှမရောက်သေးလို့ဆိုပြီး လိုက်မသွားတော့ပါဘူး .. စိတ်ထဲမှာလည်း သေချာ မဆုံးဖြတ်ရသေးလို့ပါ ..

နောက်ရက်မနက်ရောက်တော့ သူတို့ နှစ်ယောက်က အစောကြီး ထွက်သွားလို့ အမ်မာနိုးတော့ ဘယ်သူမှမရှိတော့ပါဘူး .. မနက်စာ စားရင်း ပြတိုက်ဖက်ကို သွားကြည့်မယ်လို့ စဉ်းစားထားပါတယ် .. ကမ္ဘောဒီးယားက နာမည်ကြီးတဲ့ ပြည်တွင်းစစ်မှာ လူသန်းပေါင်းများစွာကို နှိပ်စ-က် ညှင်း-ပမ်း .. အကျဉ်းချပြီးတော့ thatပစ်ခဲ့တဲ့ နေရာတွေပေါ့ .. အကျဉ်းထောင်ဟာအခုတော့ ပြတိုက် ဖြစ်နေပါပြီး .. လူthatကွင်းကတော့ အလောင်းတွေမြှုပ်ထားတဲ့ နေရာတစ်ခုဖြစ်သွားတယ် ..

ဘယ်ကို ဘယ်လိုသွားရမလဲ လမ်းကြောင်းမေးဖို့ ဧည့်ကြိုကောင်တာမှာ ရပ်နေတုန်း .. အဆောင်က ကပ်ထားတဲ့ ကြော်ငြာစာရွက်တွေကို တွေ့ပါတယ် .. အဲဒါကတော့ တုတ်တုတ် နဲ့ လူစုပြီး လိုက်ပို့ပေး တဲ့ လေ့လာရေးခရီးမျိုးပါ .. တခြားသူတွေနဲ့ အတူစပ်ပြီး သွားလို့ရအောင် အဆောင်က စီစဉ်ပေးထားတာပါ .. မဆိုးဘူးပဲလို့ တွေးရင်း မနက်စာသွားစားပြီး ပြန်လာမှပဲ အဲဒီအဖွဲ့နဲ့ အတူတူသွားမယ်လို့ တွေးနေတုန်း ဘေးနားမှာ အပြင်သွားဖို့ ထိုင်ပြီးဖိနပ်ကြိုးချည်နေတဲ့ ကောင်လေးတစ်ယောက် ကလှမ်းမေးတယ် .. အဝတ်လျှော်တဲ့ နေရာ ဘယ်နားမှာ ရှိလဲသိလားတဲ့ .. အမှန်တော့ အဲဒီအဆောင်မှာပဲ ဒိုဘီအပ်လို့ရပါတယ် .. အမ်မာတောင် မနေ့ကမှ အပ်ပြီးလို့ ပြန်တောင်ရပြီ သူတို့ သုံးပေးတဲ့ အမွှေးဆီလေးကလည်း အနံ့အရမ်းကောင်းလို့ သဘောကျနေတာ .. ဒီမှာပဲ အပ်လို့ ရတယ်လေ လို့ပြောတော့ .. ဒီကစျေးကြီးတယ်တဲ့ .. ငါအဲဒါစျေးဖက်သွားပြီး တခြားဆိုင်ရှာကြည့်မို့ဆိုပဲ .. အေးလေ ရှာကြည့်ပေါ့လို့ ပြောတော့ .. နင်မနက်စာ စားပြီးပြီလား .. မစားရသေးရင် အတူသွားကြမယ်လေ .. လိုက်မလားတဲ့ .. ရုတ်တရက်ဆိုတော့ အံ့ဩသွားတယ် .. ဘာလဲဟ သူနဲ့ငါလည်း မသိဘဲနဲ့လို့ .. ဒါပေမဲ့ သူ့မျက်နှာကို ကြည့်လိုက်တော့ ခပ်တည်တည်ပါပဲ .. စနေ နောက်နေတဲ့ ပုံလည်းမရှိဘူး .. မရိုးမသား ပုံစံလည်း မရှိဘူးဆိုတော့ .. အမ်မာလည်း အိုခေ သွားမယ်လေလို့ပြောလိုက်တယ် ..

စစချင်းသာ စိတ်ထဲမှာ အထူးအဆန်းထင်နေတာ .. နောက်ပိုင်း ခရီးတွေ သွားနေကျတော့ နားလည်သွားတယ် .. ဒါဟာ တစ်ကိုယ်တော် ခရီးသွားတွေအတွက် ပုံမှန် အခြေအနေပဲဆိုတာ .. တစ်ယောက်တည်း ခရီးသွားတယ်ဆိုပေမဲ့ .. ခရီးစဉ် တစ်လျှောက်လုံးမှာ တစ်ယောက်တည်းပဲ နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ .. ရောက်နဲ့နေရာမှာ မိတ်ဆွေတွေဖွဲ့လို့ရတယ် .. အပေါင်းအသင်း အသစ်တွေရှာလို့ရတယ် .. မနေ့ကပဲ အင်ဒိုမလေးနဲ့ ၂ယောက်သား ညစာ အတူထွက်စားခဲ့သေးတာပဲလေ .. အခုက ကောင်လေး တစ်ယောက် ဖြစ်နေတာကလွဲရင် ကျန်တာ အတူတူပဲလို့ ကိုယ့်ဟာကိုယ် ပြန်တွေးကြည့်မိတယ် ..

အဲဒီလိုနဲ့ ၂ ယောက် စျေးဖက်ကို ထွက်ခဲ့ပြီး လမ်းမှာမေးကြည့်တော့ သူက ဂျာမနီကလာတာ ၊ ကျောင်းတောင်မပြီးသေးဘူး .. ကျောင်းခဏပိတ်ထားတုန်း စုထားတဲ့ ပိုက်ဆံနဲ့ အာရှဖက်ကို ခရီးထွက်လာတာလို့ပြောတယ် .. အဲဒီတော့မှ သူ့ကိုသေချာ ကြည့်မိတော့ ဟုတ်တယ် ငယ်ငယ်လေးပဲ .. ၂၁၊၂၂ လောက်ပဲ ရှိဦးမယ်ထင်တယ် .. လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုတော့ အမ်မာတောင် ၂၇ ရှိပြီ .. ဒါပေမဲ့ အရပ်ကြီးက အရမ်းရှည်တော့ ငယ်တယ်လို့ မထင်မိဘူး .. အမ်မာထင်တာ ၆ ပေတော့ ကျော်လောက်မယ် .. ကျောင်းသားဖြစ်ပြီးတော့ အလုပ်မရှိသေးတာကြောင့်လည်း သူခရီးသွားရင် အရမ်းချွေတာတာ ဖြစ်မယ် .. အခုပဲ ဒိုဘီကို တည်းတဲ့နေရာမှာ မအပ်ဘဲ စျေးကြီးလို့ဆိုပြီး တခြားဆိုင်လိုက်ရှာနေတာ .. အများကြီးလည်း ကွာတာမဟုတ် 1 kg ကို 50 cents လောက်ဆို 2 kg မှ 1 dollar ပဲ ကွာတာ .. အဲဒါတောင် သူက ချွေတာတယ်ဆိုတော့ .. ဘာပဲပြောပြော ကောင်းပါတယ် .. အမ်မာလည်း နောက်ဆို 1 dollar ဖြစ်ဖြစ် 2 dollar ဖြစ်ဖြစ် ရသလောက် ချွေတာဦးမယ်လို့ စဉ်းစားမိတယ် ..

သူဒိုဘီအပ်ပြီးတော့ မုန့်စားမယ်ဆိုပြီး မုန့်ဆိုင်လိုက်ရှာတုန်းရှိသေးတယ် .. လမ်းမှာ ကောင်မလေး တစ်ယောက်က သူ့ကို လက်လိုက်ဆွဲပြီး ပြေးဖက်ကော .. ရုတ်တရက် သူကြောင်သွားပေမဲ့ နောက်တော့ မှတ်မိသွားပြီး ပြန်ဖက် နှုတ်ဆက်ကြတယ် ..အဲဒီမှာလည်း သူတို့ရဲ့ ယဉ်ကျေးမှုကိုနီးနီးကပ်ကပ် တွေ့ခဲ့ရတာပေါ့ .. အစက ဇာတ်လမ်းတွေထဲမှာပဲ မြင်ဖူးတာ .. နောက်မှ အမ်မာနဲ့လည်း မိတ်ဆက်ပေးတော့ တစ်ခါ ကောင်မလေးက ဆွဲဖက်ပြီးတော့ နှုတ်ဆက်ပြန်တယ် .. ခုမှ တွေ့တဲ့ သူနဲ့ အဲဒီလို အရမ်းရောတာ အမ်မာတို့က အကျင့်မရသေးတော့ ကြောင်တောင်တောင်ကြီးဖြစ်နေတယ် .. နောက်တော့လည်း သူနဲ့ပါ ခင်သွားပါတယ် ..

အဲဒီ ကောင်မလေးကလည်း ပြင်သစ်ကပဲ .. အမ်မာ ခရီးတွေသွားတိုင်း ပြင်သစ်ကလူအများစု တွေ့ရတယ် .. သူတို့ နှစ်ယောက်က ကမ္ဘောဒီးယားရဲ့ တခြားမြို့တစ်မြို့မှာ တွေ့ပြီး အခုလိုပဲ အဆောင်မှာ အတူတူတည်းကြရင်း ရင်းနီးခဲ့တာ .. ပြီးတော့ တစ်ယောက် တစ်နေရာဆီ ခရီးဆက်ကြရင်း .. အခုမှ ပြန်ဆုံတာ .. မသိရင် ငယ်သူငယ်ချင်းတွေ ကျနေတာပဲလို့ စိတ်ထဲကြိတ်တွေးမိတယ် .. အမှန်တော့ မနေ့တနေ့ကမှ သိကြသူတွေ .. သူတို့ရဲ့ယဉ်ကျေးမှုပေါ့ .. ပြီးတော့ တစ်ကိုယ်တော် ခရီးသွားတွေရဲ့ ယဉ်ကျေးမှု .. အခုနောက်ပိုင်းတော့ အမ်မာ ကိုယ်တိုင်လည်း လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ရတာ သဘောကျလာတယ် .. မတူညီတဲ့ နေရာက မတူညီတဲ့ ဘဝအကြောင်းတွေကို နားထောင်ရတာ သဘောကျလာတယ် .. အဲဒီတုန်းကတော့ အဲဒါတွေနဲ့ အကျင့်သားမရသေးတာ …

အပိုင်း (၉) ဆက်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top