အပိုင်း (၁၁) + (၁၂)

အပိုင်း (၁၁)

ညတုန်းက အိပ်မရလို့ မနက်အစောကြီး ထ .. အပြင်ထွက် လမ်းလျှောက်ဖြစ်တယ် .. အမ်မာတည်းတဲ့ အဆောင်လေးက မြစ်နဲ့ မျက်နှာချင်းဆိုင်မို့ ရှုခင်းကို လှမ်းမြင်နေရတယ် .. ပွဲတော်ရက်မို့ ညနက်တဲ့ထိ လူတွေ အပြင်ထွက် .. ဆိုင်တွေကလည်း နောက်ကျမှ သိမ်းကြလို့ .. မနက်စောစောမှာ လမ်းပေါ်ဘယ်သူမှမရှိဘဲ ရှင်းလင်းနေတယ် .. စည်ပင်က ဝန်ထမ်းတချို့တော့ တံမျက်စည်းလှည်း အမှိုက်သိမ်းနေတာ တွေ့ရတယ် .. ဟုတ်တယ် သူတို့ဆီမှာလည်း တချို့လူတွေက စည်းကမ်းမဲ့ အမှိုက်ပစ်ကြတာပဲ .. ညစျေးလာရင်း မုန့်စားကြပြီး အမှိုက်ပစ်ရမဲ့နေရာမှာ မပစ်ဘဲ လမ်းဘေးမှာ ဒီတိုင်းပဲ ပစ်သွားကြတာ .. ကိုယ်တွေဆီမှာနဲ့ အတူတူပါပဲ ..

လှေပြိုင်ပွဲလုပ်တဲ့နေရာရောက်တော့ ပွဲမစသေးပေမဲ့ .. ပြိုင်ဖို့အတွက် လေ့ကျင့်နေကြတဲ့ လှေလှော် အဖွဲ့တွေကို တွေ့တယ် .. အစက သူတို့ဆီက water festival ကို .. ကိုယ်တွေဆီမှာလိုပဲ ရေပက်တယ်ထင်ပြီး အပြင်ထွက်တော့ လက်တော့ပ်ကို ရေမစိုအောင် သေချာ ပလပ်စတစ်တွေနဲ့ပတ်ပြီး ထွက်ခဲ့တာ သတိရလို့ တစ်ယောက်နည်း ပြုံးစိစိဖြစ်နေတုန်း .. ဘေးနားက လူကြီးတစ်ယောက်က ဓါတ်ပုံလာရိုက်ခိုင်းတယ် .. သူလဲ တိုးရစ်ပါပဲ .. ဓါတ်ပုံရိုက်ပေးပြီး မိတ်ဆက် စကားပြောဖြစ်တော့ သူက အမေရိကန်ကလာတာ .. ဒါပေမဲ့ အမေရိကန်လူမျိုးတော့မဟုတ်ဘူး .. ပြောင်းရွှေ့အခြေချခဲ့တဲ့သူပါ .. ဇာတိကတော့ အိန္ဒိယဆိုလား ၊ ပါကစ္စတန်ဆိုလား ပြောတော့ ပြောတယ် သေချာ မမှတ်မိတော့ဘူး .. သူပြောတဲ့အထဲမှာ မှတ်မိတာဆိုလို့တစ်ခုပဲရှိတယ် .. “နင်သိလား ငါခရီးတွေအများကြီး ထွက်ပြီး မတူတာတွေကိုလိုက်ကြည့် လေ့လာစူးဆန်းဖူးတယ် .. ဒါပေမဲ့ နောက်ဆုံး ငါသိလိုက်ရတာက .. ဘယ်နေရာ ဘယ်အခြေအနေပဲ ရောက်ရောက် လူတွေကတော့ အတူတူပါပဲ” တဲ့ .. ပြောပြီးတော့ သူ့ လေယဉ်ချိန် ရောက်နေပြီ သွားတော့မယ်လို့ နှုတ်ဆက်ပြီး ထွက်သွားတယ် ..

အမ်မာကတော့ သူပြောတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သေချာနားလည် သဘောပေါက်အောင် ပြန်တွေးနေမိတယ် ..

လူတွေ ဆိုတာကတော့ လူတွေပါပဲ .. ဘယ်နိုင်ငံမှာပဲ မွေးဖွားခဲ့ မွေးဖွားခဲ့ .. ကြီးပြင်းလာကြတယ် သင်ယူရကြတယ် ရုန်းကန်ကြရတယ် နောက်ဆုံး သေဆုံးသွားကြတယ် .. နိုင်ငံ တစ်ခုနဲ့ တစ်ခု .. ယဉ်ကျေးမှုချင်း ဘာသာစကားချင်း ကိုးကွယ်ယုံကြည်မှုချင်း မတူပေမဲ့ .. လူတွေရဲ့ ဘဝရှင်သန် နေထိုင်မှုတွေကတော့ အတူတူပဲ .. အဲဒါကိုပြောချင်တာထင်တယ် .. အဲဒီတုန်းကတော့ သူပြောတာကို ထောက်လည်း မထောက်ခံသလို .. ဆန့်လည်း မဆန့်ကျင်မိဘူး .. သူပြောတာ မှန်လား မှားလား .. ငါကိုယ်တိုင် လိုက်လေ့လာပြီး အဖြေရှာကြည့်ရမယ်လို့ပဲ ခေါင်းထဲမှာ တွေးနေမိတယ် .. ခရီးတွေ ပိုသွားရမယ် ..

လမ်းတစ်ပတ် ပတ်လျှောက်ပြီး အဆောင်ပြန်ရောက်တော့ ဘာလုပ်ရမလဲမသိ ဒီနေ့လည်စရာနေရာလည်း မရှိတော့ဘူးဆိုတော့ .. မနက်ဖြန် ဟိုချီမင်းသွားဖို့ စီစဉ်စရာရှိတာ စီစဉ်တာပေါ့ လောလောဆယ်တော့ ကော်ဖီလေးသောက်လိုက်ဦးမယ် ဆိုပြီး ကော်ဖီမှာ အဆောင်ရှေ့က ခုံလေးမှာပဲ ထိုင်နေတုန်း .. ဂျာမန်ကောင်လေးက သူအဝတ်တွေ သွားရွေးဖို့ဆိုပြီး ထွက်လာတယ် .. အမ်မာ့ကိုတွေ့တော့ နှုတ်ဆက်ပြီး နင်ဘယ်တွေသွားဦးမှာလဲတဲ့ .. ဒီနေ့တော့ နားမယ် မနက်ဖြန် ဟိုချီမင်း သွားမှာလို့ .. ပြောတော့ .. သူကလည်း မနက်ဖြန် လာအိုသွားမှာတဲ့ .. အေး ဒီနေ့ နင်တစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိရင် ပြောလေလို့ ပြောပြီး သူထွက်သွားတယ် ..

ကော်ဖီသောက်ရင်း ဟိုချီမင်းအကြောင်း အင်တာနက်မှာ လိုက်ရှာဖတ်တယ် .. တည်းဖို့ အဆောင်ရှာတယ် .. လက်မှတ်ကို ကြည့်တော့ လာတုန်းက ကား giant ibis ကိုတွေ့တာနဲ့ ဝယ်လိုက်တယ် .. ဒါပေမဲ့ ကားစီးရမဲ့ နေရာက သိပ်မသေချာတာနဲ့ ဧည့်ကြိုကောင်တာက ဝန်ထမ်းလေးကို မေးကြည့်တော့ .. ပုံမှန်ဆိုရင်တော့ ကားက ဒီအဆောင်နားလေးမှာပဲ လာခေါ်ပေးတယ် .. အခုကတော့ ပွဲတော်ရက်မို့ လမ်းတွေပိတ်ထားတာ လာခေါ်လို့ မရဘူး .. တခြားမှာ သွားစီးရမှာတဲ့ .. ဆိုတော့ သူပြောပြတဲ့ နေရာလေးကို ဖုန်းထဲမှာ သေချာမှတ်ပြီး .. မနက်တော့ စောစောထွက်မှလို့ .. လမ်းတွေပိတ်ထားတာနဲ့ ကားငှါးဖို့ မရရင် တိုင်ပတ်ဦးမယ်ဆိုပြီးတော့ တွေးမိလို့ ..

နောက်တော့ လက်ထဲငွေသားလည်း နည်းနေတာနဲ့ ဗီယက်နမ်မှာ သုံးလို့ရအောင်ဆိုပြီး ATM ကနေ ငွေထုတ်တာ အမေရိကန်ဒေါ်လာထုတ်လို့ရတော့ အဆင်ပြေသွားတယ် .. ဟိုရောက်ရင် ဗီယက်နမ်ဒုံ တန်းလဲလိုက်ယုံပဲ .. ဒါပေမဲ့ ATM က ငွေထုတ်ခတော့ 5 dollars ဖြတ်တယ် .. မဆိုးပါဘူး .. အဲဒီတုန်းကတော့ မြန်မာက Visa card ပဲသုံးတာ တော်တော်လေး အဆင်ပြေတယ် .. ခုနောက်ပိုင်းတော့ policy တွေပြောင်း charges တွေတက်ပြီး .. ငွေလဲနှုန်းတွေလည်း အဆင်မပြေလို့ မသုံးတော့ဘူး ..

အားလုံးပြင်ဆင်ပြီးပြီဆိုတော့ နေ့လည် တရေးတမောအိပ် .. မနေ့ညက မအိပ်ထားတော့ ငိုက်ပြီလေ .. ညနေစောင်းနိုးတော့ အင်ဒိုမလေးက ကိုယ့်ကို မုန့်စားဖို့ စောင့်နေတာ .. ၂ ယောက်သား အပြင်ထွက် မုန့်စားပြီး လမ်းလျှောက်ရင်း ဆိပ်ကမ်းနားရောက်တော့ .. ပျော်စီးလှေ sunset cruise ကိုတွေ့တယ် .. မိုက်တယ် ညကျပြန်လာပြီးစီးကြရအောင် လို့တိုင်ပင်ပြီး .. အဆောင်ပြန် .. ဂျာမန်ကောင်လေးကိုလည်း ချိန်း ၊ ပြင်သစ်သူလေးကတော့ ပြန်သွားပြီ ..

ညရောက်တော့ ဆိပ်ကမ်းတစ်ခေါက် ပြန်လာတယ် .. cruise စီးဖို့ မေးကြည့်တော့ ပွဲရက်မို့ မထွက်ဘူးတဲ့ .. ဟုတ်တော့လည်း ဟုတ်တယ် .. လှေပြိုင်ပွဲ ကျင်းပတဲ့ နေရာနဲ့ သိပ်မဝေးတော့ .. အဲဒီလမ်းကြောင်းပေါ်မှာပဲ .. အဆင်မပြေမှာစိုးလို့ထင်တယ် … စီးချင်တာ မစီးရလို့ စိတ်မကောင်းဖြစ်မိပေမဲ့ .. အဲဒီဆိပ်ကမ်းမှာပဲ အလှပြလှေတွေနဲ့ .. မီးရှူး မီးပန်းဖောက်တာတွေကြည့်ပြီး ပျော်ခဲ့ရပါတယ် .. ခဏနေတော့ ဂျာမန်ကောင်လေးက နန်းတော်ရှေ့မှာ ဘုရင်ထွက်လာလို့ သွားကြည့်လိုက်ဦးမယ်ဆိုပြီး ထွက်သွားတယ် .. အမ်မာတို့ကတော့ ဘုရင်ကို ဘာလုပ်ဖို့ ကြည့်မှာလဲ ပျင်းစရာကြီးဆိုပြီး နေခဲ့တယ် ..

သူထွက်သွားတော့ အင်ဒိုမလေးက ပြောတယ် ချောတယ်နော်တဲ့ အရပ်ကလည်းအရှည်ကြီး ငါက အရပ်ရှည်တဲ့ ကောင်လေးတွေကို အရမ်းကြိုက်တာတဲ့ … ဟဲ့ အဲကောင်လေးက ငါတို့ထက်အများကြီးငယ်တယ် လို့သတိပေးပြီး နင့်ရည်းစားဟောင်းအကြောင်းကော မေ့သွားပြီလား အသည်းကွဲနေသေးလားလို့ မေးကြည့်တော့ .. အေးဆေးပါတဲ့ .. သူနဲ့ ဇာတ်လမ်းက အင်ဒိုနီးရှားမှာ ကျန်ခဲ့ပြီ ဒီမှာတော့ ငါပျော်ပျော်နေမှာ ဒီညလည်း ထပ်သောက်ဦးမယ်ဆိုပြီး .. ဘီယာတွေ ထပ်သွားဝယ်လေရဲ့ .. အဆောင်ပြန်တဲ့ လမ်းမှာလည်း ခြေလှမ်းတွေက တက်ကြွလို့ .. သူ့ကြည့်ပြီး တတ်လည်း တတ်နိုင်ပါလားလို့ စိတ်ထဲတွေးမိတယ် .. 😅

အပိုင်း (၁၂) ဆက်ရန်

အပိုင်း (၁၂)

နောက်နေ့မနက်ရောက်တော့ ထင်တဲ့အတိုင်းပါပဲ .. လမ်းတွေ ပိတ်ထားတော့ ကားလုံးဝငှါးမရတာနဲ့ .. ကားဂိတ်ကို လမ်းလျှောက်ပဲ ထွက်ခဲ့ရတယ် .. တော်သေးတာက အထုပ်အပိုးတွေအများကြီးမပါလို့ .. ရက် ၂၀ လောက်ခရီးကိုအဝတ်လေး ၁၀ စုံလောက်ပဲယူလာတာ .. ခရီးသွားရင် အများကြီး သယ်ရတာမကြိုက်ဘူး .. ဝတ်စရာ မရှိတော့ရင် ဒိုဘီအပ်လိုက်တယ် .. ရောက်တဲ့နေရာက အမှတ်တရ အင်္ကျီလေး တစ်ထည်၊ နှစ်ထည်လောက် ထပ်ဝယ်တယ် ဒါပဲ .. ဆိုတော့ လမ်းလျှောက်သွားလို့ အဆင်ပြေသွားတယ် ..

ဆယ်မိနစ်လောက် လျှောက်ပြီးတော့ သူတို့ပြောတဲ့ ကားဂိတ်နေရာကို ရောက်တယ် .. နဂိုက ကားဂိတ်တော့ မဟုတ်ဘူး .. ပွဲရှိလို့ နေရာပြောင်းထားတာ .. တကယ်တမ်းကျတော့ ရထားဘူတာရုံရှေ့ .. ဒါပေမဲ့ ကားတွေလည်း ရပ်ထားတာ မတွေ့တာနဲ့ ဘူတာရုံက လူကို မေးကြည့်တော့ အထဲမှာ ဝင်စောင့်နေပါတဲ့ .. ကားက ဘူတာရုံဝန်းထဲမှာ ဂိတ်ထိုးမှာလို့ပြောတယ် .. အထဲဝင်သွားတော့မှ ကိုယ့်လိုမျိုး ခရီးသွားတချို့ကိုတွေ့တယ် .. စိတ်ထဲမှာတော့ တွေးနေတာ .. ဘူတာရုံမှာ ကားလာစောင့်ရတဲ့ အတွေ့အကြုံသစ်ရတာပေါ့လို့ ..

အေးဆေး လမ်းတွေလျှောက်ကြည့် .. အနီးအနားမှာလည်း မုန့်ဆိုင်မတွေ့တော့ ပါလာတဲ့ ဘီစကစ်မုန့်ထုတ်စားနေတုန်း တခြား ခရီးသည်တွေကို ကြည့်မိတာ .. ဘယ်နိုင်ငံကလဲတော့ မသိဘူး လူဖြူမိသားစုပဲ .. လင်မယား နှစ်ယောက် .. ကလေးလေး နှစ်ယောက်နဲ့ .. ကလေးတွေက ၃၊၄ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ် .. သူတို့ချထားတဲ့ အထုပ်တွေပေါ်တက် ကစားနေကြတာ .. အမ်မာတွေ့ဖူးတဲ့သူ အများစုကတော့ ကလေးငယ်လေးတွေနဲ့ဆို ကရိကထ များလို့ ခရီးတွေ မသွားကြဘူး .. အမြဲ ကြားဖူးနေကျ စကားကတော့ ကလေးနဲ့မို့ အပြင်ထွက်လို့မရဘူးပေါ့ .. သူတို့တွေကျတော့လည်း ကလေးတွေပါ ခေါ်ပြီး ကမ္ဘာပတ်နေကြတာ .. နီးနီးနားနားတောင်မဟုတ်ဘူး .. အာရှကို လာဖို့ဆိုအနည်းဆုံး လေယဉ် ၉ နာရီ၊၁၀ နာရီလောက် စီးရတာ .. ဒါတောင် transit မှာ ကြာတာတွေ ဘာတွေ မပါသေးဘူး .. ကလေးလေးတွေကလည်း အေးအေးဆေးဆေးပဲ .. ခရီးသွားရလို့ ပင်ပမ်းတဲ့ပုံစံလည်းမရှိဘူး .. ကစားရင်း ပျော်နေတာပဲ .. အဲဒီမှလည်း အရှေ့၊အနောက် မတူတဲ့ ဓလေ့တွေကို တွေ့ရတယ် .. ကိုယ်တွေစီမှာလို အိမ်ထဲဥပြီး နေထိမခံ ရေထိမခံတဲ့ ကလေးတွေက .. အပင်ပမ်း မခံနိုင်ပဲ ပိုချူခြာတတ်တယ် ..

မုန့်စားပြီးတော့ ကားလည်းရောက်လာပြီဆိုတော့ ကားပေါ်မတက်ခင် အပေါ့အပါးလေး သွားဦးမယ်ဆိုပြီး ထွက်လာတယ် .. Toilet ရှေ့ရောက်တော့ ကောင်မလေးတစ်ယောက် (ပုံစံက local ထင်ရတယ်) နဲ့ အသက်နည်းနည်းကြီးတဲ့ (၆၀ ဝန်းကျင်) လူဖြူ အဘိုးကြီး နှစ်ယောက် စကားပြောနေတာ ကြားလိုက်တယ် .. အစက ကောင်မလေးကို တိုးရစ်ဂိုက်လို့ ထင်လိုက်တာ .. သူ့ရဲ့ အင်္ဂလိပ်လိုပြောတဲ့ လေသံက တော်တော်လေးကို အသံထွက်ကောင်းပြီး ပေါ့ပေါ့ပါးပါးပဲ .. သူကလည်း အထွက် ကိုယ်ကလည်းအဝင် မျက်နှာချင်းဆိုင်တွေ့တော့ ကိုယ်နဒ့မသိပေမဲ့ ပြုံးပြလိုက်သေးတယ် .. ခရီးသွားတာ ရက်နည်းနည်းကြာလာတော့ သူတို့ရဲ့ စတိုင်လေးတွေ နည်းနည်းအတုယူတတ်လာတယ် .. လမ်းသွားရင် မသိတဲ့သူတွေ့လည်း .. Hi, Hello ဆိုပြီး နှုတ်ဆက်ကြတာလေ .. အမ်မာကတော့ ပါးစပ်ကထွက် နှုတ်ဆက်တဲ့ထိတော့ မရဲသေးဘူး .. ဒါပေမဲ့ ပြုံးတော့ ပြတတ်နေပြီ .. (အရင်ကလို ရှစ်ခေါက်ချိုးမျက်နှာမျိုး မဟုတ်တော့ဘူး) .. ခရီးသွားရင်း ရတဲ့ ပညာတွေထဲမှာ လူမှုရေးအတတ် (social skills) က တော်တော်လေး အရေးပါတယ် ..

ကားထွက်ခါနီး အထုပ်အပ် ကားပေါ်တက်တော့မှ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်မလေးနဲ့ ဘေးချင်းကပ်လျက်ခုံမှာကျတယ် .. ခုဏ အဘိုးကြီး နှစ်ယောက်ကတော့ အနောက်က ခုံမှာ .. ဟိုချီမင်းထိဆို အဝေးကြီး သွားရဦးမှာ အပြင်းပြေအောင် လမ်းမှာ စကားလေး ဘာလေးပြောရမယ်လို့တော့ တွေးထားလိုက်တယ် ..

စစချင်းမပြောဖြစ်ပေမဲ့ လမ်းရောက်တော့ တဖြည်းဖြည်းနဲ့ သူ့အကြောင်းတွေ သိလာတယ် .. အမ်မာက သူ့ကို တိုးရစ်ဂိုက်ထင်နေတာ မဟုတ်ဘူး .. ခုဏက အဘိုးကြီးတွေက ကားဂိတ်မှာ မသိတာတွေမေးလို့ သူက ပြောပြနေတာ .. သူတို့ကတစ်ဖွဲ့တည်းမဟုတ်ဘူးပေါ့ .. သူက ကမ္ဘောဒီးယားကပဲ .. အခုဟိုချီမင်းသွားမှာ သူ့ရဲ့ချစ်သူကို သွားတွေ့မို့ .. သူတို့ နှစ်ယောက်က online မှာပဲသိကြသေးတာ အပြင်မှာ မတွေ့ဖူးသေးဘူး .. သူကတော့ တွေ့ရမှာမို့ ပျော်နေတဲ့ ပုံပဲ .. မမေးလည်း အကုန်လာပြောပြနေတာ .. အဲဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အမ်မာ သိပ်မေးလေ့မရှိဘူး .. သူတို့ပြောပြတာပဲ နားထောင်လိုက်တယ် .. သူကတော့ တက်တက်ကြွကြွနဲ့ ပြောရှာပါတယ် .. ကားပေါ်မှာ ပျင်းနေလို့ထင်တယ် ..

ဒီလိုပဲ ပြောလိုက် နားလိုက်နဲ့ တစ်ခါ ထပ်ပြီး သူ့ဖုန်းထဲကနေ ဓါတ်ပုံလေးလာပြတယ် .. သူ့မှာသားလေး တစ်ယောက်ရှိတယ် .. အမ်မာ ကြည့်လိုက်တော့လည်း ချစ်စရာလေးတကယ် .. သူ့အရင်ယောက်ျားက အော်စီက .. ကလေးလေးကျတော့ ကမ္ဘောဒီးယား ၊ အော်စီ ကပြားလေးပေါ့ .. (ဒီပို့စ်မှာ ဘာလို့ ဒါတွေထည့်ရေးနေလဲဆိုတာ အခုမှ လိုရင်းကရောက်မှာ) .. သူကဆက်ပြောတယ် .. သူယောက်ျားနဲ့ သူစတွေ့ခါကတုန်းက အင်္ဂလိပ်လို တစ်လုံးမှ သူမပြောတတ်ခဲ့ဘူးတဲ့ .. ဆိုတော့ တော်တော် အံ့ဩသွားတာ .. အခုလက်ရှိ သူပြောတဲ့ အသံနေ အသံထားက တကယ့် Native တစ်ယောက်လိုပဲလေ .. ပြီးတော့ စကားမပြောတတ်ဘဲ ဘယ်လိုများ နှစ်ယောက် နားလည်ကြလဲပေါ့ .. အဲဒါနဲ့ စိတ်ဝင်တစား နားထောင်မိတယ် ..

စိတ်ဝင်စားဆို .. ကိုယ်တွေက အင်္ဂလိပ်စာက မူလတန်းထဲက သင်လာတာ .. ဘွဲ့ရတဲ့ထိတောင် စကားသေချာမပြောတတ်လို့ .. သင်တန်းတွေထပ်တက်ခဲ့ရသေးတယ်လေ .. အခုတောင် ခရီးသွားရင်းနဲ့မို့ နည်းနည်း အဆင်ချောလာတာ .. Native လိုအသံနဲ့ ပြောတတ်ဖို့ဆို အဝေးကြီးရယ် .. အဲဒါနဲ့ နင်ဘယ်လို လေ့လာခဲ့တာလဲ ထပ်မေးကြည့်တော့ .. သင်တန်းတွေလည်း မတက်ဘူး .. အိမ်မှာလည်း စာသင်တာမဟုတ်ဘူး .. ဒီလိုပဲ သူ့ယောက်ျားနဲ့ နေတဲ့ ၃ နှစ်အတွင်းမှာ သူပြောတတ်သွားတာပဲတဲ့ .. အခုတော့ သူတို့ ကွာရှင်းပြီးသွားပြီ .. ကလေးလေးက သူ့ယောက်ျားနဲ့ လိုက်နေတယ် .. သူ့သားလေးကို လွမ်းတဲ့အကြောင်းလည်း ပြောပြတော့ စိတ်မကောင်းဘူး .. အခုတော့ သူ လူသစ်တစ်ယောက် တွေ့နေပြီဆိုတော့ စိတ်လှုပ်ရှားနေတယ်နဲ့တူတယ် .. သူသာ လူကောင်းတစ်ယောက်ဆိုရင် ကောင်းမယ်နော်တဲ့ .. မျှော်လင့်ချက်အပြည့်နဲ့ .. သူ့အရင်အိမ်ထောင် အဆင်မပြေထားတော့ အမ်မာလည်း နှစ်သိမ့်ပေးချင်တာနဲ့ .. လူကောင်းဖြစ်မှာပါ လို့ပြောပြီး ပြုံးပြလိုက်တယ် ..

နယ်စပ်နား ရောက်တော့ ဖုန်းကဒ်တွေက သိပ်အလုပ်မလုပ်တော့ဘူး .. လိုင်းသိပ်မကောင်းတော့ ဖုန်းခေါ်လို့မရတာနဲ့ သူ့ကောင်လေးက စာပဲရိုက်ပြီး ပို့လိုက်တယ် .. အဲဒီအချိန်မှာ အမ်မာ ထပ်ပြီး အံ့အားသင့်ရတာ တစ်ခုက .. သူက ဖုန်းကို အမ်မာ့ကိုပြပြီးတော့ ဟိုဖက်က ဘာပြောထားတာလဲဟင်တဲ့ .. အဲဒီတော့မှ သိလိုက်တာ သူက အင်္ဂလိပ်စကားပဲ ပြောတတ်တာ .. စာလုံးပေါင်း မရေးတတ် မဖတ်တတ်ဘူးဆိုတာပဲ .. အမ်မာ သူများတွေကို အထင်သေးလေ့ မရှိပါဘူး .. ဒါပေမဲ့ လုံးဝမထင်ထားပဲ ရုတ်တရက်လာပြောတော့ အံ့အားသင့်ပြီး ဘာပြောရမလဲ မသိတော့ဘူး .. နောက်တော့မှ ပို့လာတဲ့ စာကို အသံထွက်ပြီး ဖတ်ပြလိုက်တယ် .. အဲဒီတော့မှ သူကနားလည်သွားပြီး သူပြန်ပြောချင်တဲ့ အကြောင်းအရာကို အမ်မာ့ကို စာပြန်ရိုက်ခိုင်းပါတယ် .. အမ်မာ့အတွက်လည်း အပမ်းကြီးတာ မဟုတ်တော့ ကူညီပေးလိုက်ပါတယ် .. ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ အဲဒီအခြေအနေက ဘာအခြေအနေကြီးမှန်းကိုမသိတာပါ .. ဘာသာပြန်ပေးရတာလည်း မဟုတ်ဘူး .. အင်္ဂလိပ်စာကို အင်္ဂလိပ်လိုပဲ ပြောပြ စာရိုက်ပေးရတာဆိုတော့ .. နည်နည်းတော့ ကြောင်စီစီနိုင်ပါတယ် ..

စာတို ၄၊၅ ခါလောက် ပို့ပေးပြီးတဲ့အချိန်မှာတော့ ဟိုဖက်ကလည်း .. “ငါမင်းကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး .. ချစ်တယ်နော်” ဆိုပြီး ပို့တာကို ကောင်မလေးကို ပြန်ဖတ်ပြရပါသေးတယ် .. သူကလည်း ရှက်ပြီး ပြုံးပြုံးလေးနဲ့ ဘာမှစာမပြန်တော့လို့ တော်ပါသေးတယ် .. မဟုတ်ရင် ဟိုဖက်ကိုပါ “ချစ်တယ်နော် မွမွ” တွေဘာတွေ လုပ်နေရဦးမယ်ဆိုပြီး တွေးမိလို့ရယ်ချင်သွားတယ် ..

အဲဒီနောက်တော့ နယ်စပ်ဖြတ်ပြီး ဗီယက်နမ် ထဲအဝင်မှာ .. စပါးခင်း စိမ်းစိမ်းတွေနဲ့ .. လယ်ကွင်းတွေကို မြင်ရပြီး စိတ်ကြည်နူးဖို့ ကောင်းပါတယ် .. အရှေ့တောင် အာရှ နိုင်ငံအများစုကတော့ ရာသီဥတု မြေအနေအထား သိပ်မကွာတာကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အတူတူလိုပါပဲ .. မသိရင် မြန်မာနိုင်ငံထဲက ကျေးလက်ဒေသတစ်ခုကို ရောက်သွားသလိုပါပဲ .. လမ်းမှာတော့ ခမောက်လေးတွေဆောင်းပြီး လယ်ယာ လုပ်ကိုင်နေကြတဲ့ သူတချို့တွေ့ပါတယ် .. ခမောက်လေးတွေကတော့ ဗီယက်နမ်ရဲ့ အထိမ်းအမှတ် သင်္ကေတတစ်ခုပါပဲ ..

နေဝင်ပြီးချိန်မှာတော့ ဟိုချီမင်းမြို့လယ်က ကားဂိတ်မှာ ကားရပ်ပါတယ် .. ကားပေါ်ကဆင်းတော့ ကောင်မလေးကို သူ့ချစ်သူဆိုတဲ့သူက လာကြိုတာ တွေ့ပါတယ် .. အဲဒါနဲ့ အမ်မာလည်း သူတို့ နှစ်ယောက်ကို နှုတ်ဆက် နောက်မှ ပြန်တွေ့မယ်လို့ပြောပြီး .. တည်းမဲ့နေရာကို လာခဲ့ပါတယ် ..

အပိုင်း (၁၃) ဆက်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top