ဝါသနာပါတာလုပ်ရမလား ?ပိုက်ဆံရတာလုပ်ရမလား ?

အမ်မာနဲ့ သိတဲ့ လူငယ်လေးတွေတော်တော်များများ မေးတဲ့မေးခွန်းလေး ..

ဒီနေ့ခေတ်မှာတော့ အကြောင်းကြောင်းကြောင့် ဝါသနာပါရာ အလုပ်ကို လုပ်နိုင်ကြတဲ့ သူတော်တော်နည်းသွားပါပြီ .. လူတချို့လောက်ပဲ ရပ်တည်နိုင်ကြတာ ..

အမ်မာ ပြန်ပြောဖြစ်တာကတော့ အဓိကက ကိုယ့်ရဲ့မိသားစု အခြေအနေကို ကြည့်ဖို့ပါပဲ ..

အိမ်က အရမ်း မချမ်းသာရင်တောင် စားနိုင် သောက်နိုင် .. ကိုယ်မထောက်ပံ့လည်း ရပ်တည်နိုင်တဲ့ အနေအထားဆိုရင်တော့ ဝါသနာပါရာကိုပဲလုပ်ပါ .. (ကိုယ့်ကိုတော့ ပြန်မထောက်ပံ့ခိုင်းနဲ့ 😅 တစ်ယောက်ထဲက ငတ်ငတ် ပြတ်ပြတ် ပြသနာမရှိဘူး .. ဝင်ငွေမရှိရင် မသုံးယုံပေါ့)

ကိုယ်ဝါသနာပါတဲ့အလုပ်က စစချင်းမှာ ဝင်ငွေ ရချင်မှ ရလိမ့်မယ် .. ဒါပေမဲ့ စိတ်ဝင်စားမှုအားကောင်းတဲ့ အတွက်ကြောင့် လုပ်ငန်းကျွမ်းကျင်ဖို့ ပိုလွယ်ကူတယ် .. အလုပ်လုပ်ရတာလည်း ပင်ပမ်းတယ်လို့ မမြင်တော့ဘူး .. စိတ်ဖိစီးမှုလည်း သိပ်မရှိတော့ဘူး .. အဲဒီအချိန်မှာ ငွေရေး ကြေးရေး ခေါင်းထဲထည့်နေရရင်တော့ စိတ်ပင်ပမ်းနိုင်တာပေါ့ ..

ဒါပေမဲ့ ရေရှည်မှာ အဲဒီအလုပ်က ပိုပြီးတော့ အောင်မြင်နိုင်ချေများတာ တွေ့ရလိမ့်မယ် .. အချိန်တစ်ခု ရောက်ရင်ပေါ့ .. အခု တကယ့် နာမည်ကြီး မိတ်ကပ် ပညာရှင်တွေ ၊ အဆိုတော်တွေ ၊ tattoo artist တွေ ကြည့်လိုက်ရင် သိသာတယ် .. ဝါသနာ တစ်ခု အရင်းမခံဘဲ အဲဒီလို အောင်မြင်မှုမျိုးမရဘူးပေါ့ .. သူတို့ကို ဆရာဝန်တို့ .. အင်ဂျင်နီယာတို့ လုပ်ခိုင်းကြည့်ပါလား .. ၅ ပါးတောင် မှောက်လိမ့်ဦးမယ် .. (အရည်အချင်းမရှိဘူးလို့ ပြောချင်တာမဟုတ်ဘူးနော် .. တချို့ ဆေးကျောင်းဆင်းတဲ့ သူတွေလည်း မိတ်ကပ်ဆရာ ဖြစ်နေတာ အများကြီးပဲ အဓိကက ဝါသနာပါတဲ့ နေရာရောက်မှ အောင်မြင်ဖို့များတယ်လို့ ပြောချင်တာ)

တကယ်လို့ ကိုယ့်မိသားစုက ကိုယ်ထောက်ပံ့နိုင်မှ ရမယ်ဆိုရင်တော့ .. ဝါသနာကို ခဏမေ့ထားလိုက်ပါ (ပြောရတာ စိတ်တော့မကောင်းဘူး) .. ချက်ချင်း လက်ငင်း ဝင်ငွေရတဲ့ အလုပ်တစ်ခုခုလုပ် .. company ဝန်ထမ်းဖြစ်ဖြစ် ၊ အရောင်းအဝယ် လုပ်တာပဲဖြစ်ဖြစ်ပေါ့ .. အဲဒီလိုနဲ့ အချိန်တစ်ခု ရောက်မှ ဝါသနာပါတဲ့ လမ်းကြောင်းကို ပြန်ပြောင်းဖို့ စီစဉ် ..

ဒီနေရာမှာ လူတော်တော်များများ လွဲနေကြတဲ့ အမြင်လေးတွေရှိတယ် .. အဲဒါ ဘာလဲဆိုတော့ .. တစ်ခါ career လမ်းကြောင်း တစ်ခုပေါ်ရောက်ခဲ့ရင် တစ်သက်လုံး ဒါနဲ့ပဲ အသက်မွေးရမဲ့ဆိုတဲ့ အတွေး .. အမှန်တော့ ဘယ်အချိန်ပဲရောက်ရောက် .. ဘယ်နေရာပဲရောက်ရောက် .. ကိုယ့်အတွက် ပိုပြီး သင့်တော်မယ် ထင်တဲ့အရာဆိုရင် အပြောင်းအလဲ လုပ်လို့မမှားပါဘူး ..

“ငါက ဒီအလုပ်နဲ့ ၁၀ နှစ်တောင် လုပ်ခဲ့လေ.. တခြားအလုပ်ဆို အသစ်က ပြန်စရမှာ မစချင်ဘူး” အများစုက အဲဒီလို ပြောကြတယ် .. တကယ်တမ်း ဝါသနာပါပြီးတော့ ပါရမီလည်း ရှိတဲ့ အလုပ်ဆို သူများတွေ ၁၀ နှစ်လုပ်မှ ရတဲ့ ပညာကို ၁ နှစ်တည်းနဲ့လည်းရနိုင်တယ် .. အတွေ့အကြုံ နဲ့ လုပ်ငန်းကျွမ်းကျင်မှုဆိုတာ .. working years နဲ့ တွက်လို့မရဘူး .. သူများတွေ နှစ်ပေါင်းများစွားလုပ်ခဲ့လည်း ဘာမှမတတ်တဲ့သူက မတတ်ဘူး ..

အဲဒါကြောင့်မို့ အချိန်မရွေး ကိုယ်နဲ့သင့်တော်မဲ့အရာ ဝါသနာပါတဲ့ အလုပ်ကို ပြောင်းလုပ်ဖို့ ဝန်မလေးပါနဲ့ .. ဒါပေမဲ့ တစ်ခုတော့ရှိတယ် အပေါ်မှာ ပြောခဲ့သလိုမျိုး .. ငွေကြေး အခြေအနေတစ်ခု အရင်ဆုံး တည်ငြိမ်ဖို့လိုအပ်တယ် .. မိုက်ရူးရဲ ဆန်ပြီး .. ပိုက်ဆံမရှိတာကို ဝါသနာမပါလို့ အလုပ်မလုပ်ဘူးဆိုပြီး တင်းခံနေလို့လည်း မရဘူးပေါ့နော် .. ကိုယ်ကြိုက်တာ လုပ်ခွင့်ရဖို့ အတွက်ကို အရင်ဆုံး အတိုင်းအတာ တစ်ခုထိတော့ ငွေရှာဖို့လိုအပ်တယ် ..

တချို့ကလည်း ရှိသေးတယ် .. “ဘာဝါသနာပါလဲမသိဘူး” ဆိုတာ .. အမ်မာတို့ နိုင်ငံမှာက ကလေးတွေကို စာက လွဲရင် ကျန်တာ မလုပ်ခိုင်းတာများလို့ သူတို့ရဲ့ ဝါသနာလေးတွေကို ရှာဖွေဖို့ အခွင့်အရေး သိပ်မရှိဘူး .. (ခုနောက်ပိုင်း private schools တွေ international schools တွေမှာကတော့ အားကစား ၊ အနုပညာ သက်မွေးမှု အစုံတော့ သင်ပေးကြတယ် .. )

ဒါပေမဲ့ ကိုယ်က အဲဒီလို ကျောင်းမှာ မတက်ရလို့လည်း ပြသနာမရှိဘူး .. ကျောင်းချိန် ပြင်ပမှာ လုပ်ကြည့်လို့ရတယ် .. ပညာဒါန အတန်းတွေ .. မဟုတ်လည်း အသင်းအဖွဲ့ club တွေမှာ join ပြီးတော့ .. လုပ်ကြည့်တာပဲဖြစ်ဖြစ် .. အိမ်မှာပဲ ကိုယ့်ဖာသာကိုယ် လုပ်ကြည့်တာပဲ ဖြစ်ဖြစ်ပေါ့လေ ..

အမ်မာ့ တူလေးဆိုရင် ငါးလေးတွေ မွေးရတာ ဝါသနာပါတယ် .. ပြီးတော့ ငါးကန်ဆင်ရတာကောပဲ .. ရေအောက်ပင်လေးတွေ စိုက်တယ် .. ပြန်ရောင်းတယ် .. နောက်တော့ တစ်ကန်လုံးလိုချင်တဲ့ customer တွေရှိရင်လည်း လိုက်ဆင်ပေးလို့ .. သူ့အသက် ၁၀ နှစ် ဝန်းကျင်မှာ တစ်လ ၃၊၄ သိန်း ဝင်ငွေရှိတာ မဆိုးဘူးပေါ့နော် 😊 .. အဲလိုလေးတွေပေါ့ .. ကလေးတွေကို သူတို့ လုပ်ချင်တာ မတားဘဲနဲ့ လုပ်ခိုင်းကြည့် .. ဝါသနာပါတဲ့ အလုပ်နဲ့ ဝင်ငွေရအောင် ရှာနိုင်တာ အကောင်းဆုံးပဲ ..

ငယ်သေးတဲ့ အရွယ်မှာ ဝါသနာပါရာကို လွတ်လွတ်လပ်လပ် ရှာဖွေနိုင်တာက ကောင်းပါတယ် .. ဒါပေမဲ့ ကြီးတဲ့အထိ ရှာမတွေ့သေးလည်း ကိစ္စမရှိပါဘူး .. အဓိကက ရှာဖွေနေဖို့ပဲ .. ဘာမှ မလုပ်ဘဲနေရင်သာ .. တစ်သက်လုံး မတွေ့နိုင်ဘဲဖြစ်မှာ .. “better late than never” တဲ့ နောက်ကျတယ်ဆိုတာ လုံးဝမလုပ်တာထက်တော့ ကောင်းတယ် 😇

Leave a Reply

Back to top