Humayun’s Tomb

ဒေလီမြို့၏ သမိုင်းဝင်အမွေအနှစ်များထဲမှ အထူးတန်ဖိုးရှိသောနေရာတစ်ခုဖြစ်သော Humayun’s Tomb သည် မိုဂိုလ်ခေတ်၏ အနုပညာလက်ရာနှင့် ဗိသုကာပညာအလှတရားများကို ထင်ရှားစွာပြသနေသော အထင်ကရအဆောက်အဦတစ်ခုဖြစ်ပါတယ်။

၁၆ရာစုအလယ်ပိုင်းတွင် Mughal အင်ပါယာဘုရင် Humayun ၏မိဖုရားဖြစ်သော Haji Begum က သူမ၏ခင်ပွန်းအား သတိရအမှတ်တရအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အိန္ဒိယနိုင်ငံအတွင်း ပထမဆုံးသော ဂါဒန်တူးဘ် (Garden Tomb) အမျိုးအစားအဆောက်အဦလည်း ဖြစ်ပါတယ်။ ဒီဇိုင်းတွင် ပါရှားဗိသုကာပညာ၏ အလှတရားများနှင့် အိန္ဒိယဒေသဆိုင်ရာပုံစံများကို ပေါင်းစပ်ထားသောကြောင့် နောက်ပိုင်းတွင် တည်ဆောက်ခဲ့သည့် Taj Mahal အတွက် လှုံ့ဆော်မှုဖြစ်ခဲ့သည်ဟုလည်း ဆိုကြပါတယ်။

Humayun’s Tomb

Humayun’s Tomb ၏ အထင်ကရလက္ခဏာတစ်ခုမှာ “Charbagh” ဟုခေါ်သော ဂါဒန်စနစ်ဖြစ်ပြီး၊ ဥယျာဉ်ကို လေးပိုင်းခွဲထားကာ ရေစီးကြောင်းများဖြင့် တစ်ပြိုင်နက်တည်း ချိတ်ဆက်ထားသည်။ ဤပုံစံသည် အစ္စလာမ်ယဉ်ကျေးမှုတွင် သာယာလှပသော ကောင်းကင်ဘုံကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြပါတယ်။

အဆောက်အဦ၏ အပြင်ဘက်ကို အနီရောင်သဲကျောက်များနှင့် အဖြူရောင်မာဘယ်လ်ကျောက်များဖြင့် တည်ဆောက်ထားပြီး၊ ကြီးမားသော ဒုံးအမိုး (dome) သည် အလယ်ဗဟိုတွင် ထင်ရှားစွာတည်ရှိနေသည်။ အတွင်းပိုင်းတွင် Humayun ၏ သင်္ချိုင်းတည်ရှိပြီး၊ အနီးအနားတွင် မိုဂိုလ်မင်းဆက်အဖွဲ့ဝင်များ၏ သင်္ချိုင်းများလည်း တည်ရှိနေပါတယ်။

၁၉၉၃ ခုနှစ်တွင် UNESCO World Heritage Site အဖြစ် သတ်မှတ်ခံရပြီး၊ ယနေ့တွင် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ လာရောက်လည်ပတ်ကြသော နာမည်ကြီးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒေလီမြို့အတွင်း အလှအပနှင့် သမိုင်းကို တစ်ပြိုင်နက်တည်း ခံစားနိုင်သောနေရာတစ်ခုဖြစ်သောကြောင့် ခရီးသွားတိုင်း မလွတ်တမ်း လည်ပတ်သင့်သောနေရာဖြစ်ပါတယ်။

Humayun’s Tomb ကို လည်ပတ်သည့်အခါ မနက်ခင်းနှင့် ညနေခင်းအချိန်များတွင် အလှဆုံးဖြစ်ပြီး၊ နေရောင်အောက်တွင် အနီရောင်ကျောက်နှင့် အဖြူရောင်မာဘယ်လ်တို့၏ ပေါင်းစပ်အလှတရားကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ ဓာတ်ပုံရိုက်ရန်အတွက်လည်း အလွန်သင့်တော်သောနေရာတစ်ခုဖြစ်ပါတယ်။

ဒေလီသို့ သွားရောက်လည်ပတ်မည့်သူများအတွက် Humayun’s Tomb သည် သမိုင်း၊ ယဉ်ကျေးမှုနှင့် အနုပညာတို့ကို တစ်နေရာတည်းတွင် တွေ့ကြုံခံစားနိုင်စေသော မမေ့မလျော့သော အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။

Leave a Reply

Back to top