မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့

“မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့အိမ်ကမလွှတ်လို့” ဆိုတဲ့ညီမလေးတွေ အတွက် ..

အမ တုန်းကလည်း အိမ်ကလွှတ်လို့သွားတဲ့ ခရီးဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး .. 😅

ငယ်ငယ်လေးတုန်းက အိမ်ရှေ့မှာပဲဆော့ ဆိုရင် ၂ လမ်းကျော်ကိုရောက်သွားပြီ ..

နည်းနည်းကြီးလာတော့ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲပတ်တာ အိမ်က အဝေးကြီးမသွားနဲ့ဆိုတာကို .. တခြား မြို့နယ်တွေပါရောက်တယ်

အထက်တန်းအရွယ်လောက်လည်း ရောက်ကော .. bus ကားလေး စီးတတ်ပြီဆိုတော့ ရန်ကုန် တစ်မြို့လုံးနှံ့ကော .. ကိုယ်တင်မကဘူး တခြား ကလေးတွေကိုပါ သူတို့အိမ်တွေက မသိအောင် ခေါ်သွားသေးတာ .. သိသွားတော့ ကိုယ်နဲ့ဆို မလွှတ်တော့ဘူး 😂

အသက်လေး ၂၀ ဖြစ်တော့ .. နေပြည်တော်ဖက်ကအမျိုးတွေဆီအလည်သွားမယ်ဆိုပြီး .. မန်းလေး ၊ပုဂံ၊တောင်ကြီး၊အင်းလေး ၊ကလော ရောက်သွားတယ် ..

အဲဒါတွေအကုန်လုံး အိမ်က လုံးဝမလွှတ်ပါဘူး.. 😅

အခုချိန်ထိလည်း အိမ်က ကိုယ့်ကို အိန္ဒိယမှာ ထင်နေပေမဲ့ ၊ နီပေါ ရောက်နေတာမျိုး .. ထိုင်းမှာလို့ ပြောထားပေမဲ့ .. မလေးရှားရောက်နေတာမျိုး .. ခဏခဏ ဖြစ်တယ် .. တမင်မပြောတာမဟုတ်ပေမဲ့ ပြောဖို့ မေ့သွားတာ..

ဘယ်ကိစ္စပဲဖြစ်ဖြစ် တစ်ယောက်တည်း လုပ်တတ်တဲ့ အကျင့်ဖြစ်နေတော့ ဘယ်သူ့ကိုမှ မတိုင်ပင်ဖြစ်ဘူး..

အိမ်တွေကတော့ ဘယ်တော့မှ လွှတ်မှာမဟုတ်ပါဘူး .. ဒါကလည်း အပြစ်ပြောတာမဟုတ်ဘူး .. မိဘတွေက စိုးရိမ်တာ ချစ်လို့ ပြောရင် ၊ ကလန်ကဆန်မပြန်မပြောနဲ့ .. နားထောင်လိုက်ပါ ..

ပြီးရင်တော့ ကိုယ်လုပ်ချင်တာလုပ်ပေါ့ 🤭

အခုချိန် ကိုယ်နဲ့ရွယ်တူတွေ ကလေးတွေရလို့ parenting တွေ ဘာတွေနဲ့ သူတို့သားသမီးတွေကို အရမ်းလိမ္မာစေချင်ကြတယ် .. ကိုယ်ကတော့ သူငယ်ချင်းကိုပြောတယ် “နင့်တုန်းကရော လိမ္မာလို့လား” လို့ 😅 ..

“မလိမ္မာဘူးဆိုတာ ဆိုးမိုက် သောင်းကျန်းတာကိုပြောတာမဟုတ်ဘူး ၊ ကလေးပီပီ .. ဆော့မယ် အပျော်အပါးမက်မယ် .. အပေါင်းအသင်းမက်မယ်” အဲဒီလိုပေါ့ ..

ငါတို့အားလုံး အဲဒီအခြေအနေကနေ လာခဲ့ကြတာပဲ .. ဒါပေမဲ့ အခုချိန်မှာ ပျက်ဆီးပြီး လမ်းဘေးရောက်နေလား ၊ မရောက်ဘူးလေ .. အရွယ်တစ်ခုရောက်တော့ ကိုယ့်အသိဥာဏ်နဲ့ ကိုယ် ဆင်ခြင်သွားကြတာချည်းပဲ ..

ကိုယ့်အပေါင်းအသင်းတွေကမှ တကယ့်ဇိုးတွေ..

ဒါပေမဲ့ အခုချိန်ပြန်တွေ့လိုက်ရင် သူ့ဟာနဲ့သူ တည်တည်ငြိမ်ငြိမ် ဘဝကို ဖြတ်သန်းနေကြတဲ့သူတွေချည်းပဲ.. ငယ်သူငယ်ချင်းအချင်းချင်း ပြန်တွေ့ရင်တော့ ဘယ်အရွယ်ပဲရောက်ရောက် အတူတူ ကဲကြ ယွကြတုန်းပဲ..

အဲဒါမို့ မိဘ နဲ့သားသမီးကြားမှာ အဲဒီလိုလေးတွေရှိတယ် .. စိုးရိမ်လို့ တားမြစ်တာ ပိတ်ပင်တာ မိဘတွေရဲ့ အပြစ်မဟုတ်လို .. ကိုယ့် အခွင့်အရေးကို ရအောင်ယူတာ .. လူငယ်ပီပီ စွန့်စားချင်တာ .. သားသမီးတွေရဲ့ အပြစ်မဟုတ်ဘူး ..

မိဘစကား နားထောင်မှ သားသမီးကောင်းဖြစ်မှာဆိုတဲ့ “ဂျင်း” ကြီးကိုတော့ မယုံကြနဲ့ .. လူတိုင်းမှာ သူ့ ဦးဏှောက်နဲ့ သူ့အသိတရားနဲ့ ရှိကြတာပဲ.. ကိုယ့်ဖာသာ ထိန်းနိုင်ရင် အဆင်ပြေပြီနော် .. 🤭

Leave a Reply

Back to top