လူတိုင်းရဲ့ဘဝမှာ turning point တစ်ခုဆိုတာရှိတယ်

ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ကိုယ့်ဘဝကိုဘယ်လိုဖြတ်သန်းမယ်ဆိုတာ တိတိကျကျသိလိုက်ရတဲ့အချိန်ပဲ ..

တစ်ယောက်နဲ့တစ်ယောက် မတူဘူး တချို့ကလည်း စောစောစီးစီး နားလည်သဘောပေါက်သွားတာရှိတယ် .. တချို့ကျတော့ အသက်ကြီးတဲ့ထိ ယောင်ဝါးဝါးပဲ ..

အဲဒီ turning point ရောက်သွားတဲ့အခါ အရင်ကနဲ့ လုံးဝမတူအောင် ပြောင်းလဲသွားတတ်တယ် ..

ခံယူချက် တစ်ခု ခိုင်ခိုင်မာမာ ရှိနေတဲ့အခါ .. ဆုံးဖြတ်ချက် ချရတဲ့ အချိန်တွေမှာလည်း ပိုပြီး လွယ်ကူတယ် ..

အဲဒီနောက်ပိုင်းတော့ ဘဝကြီးက ပိုပြီးအဓိပ္ပါယ် ရှိလာတယ်လို့ ခံစားရမှာပါ ..

လူတိုင်းရဲ့ဘဝမှာ turning point တစ်ခုဆိုတာရှိတယ်

အခုပြောချင်တဲ့ အကြောင်းအရာက .. အသက်မွေးဝမ်းကြောင်း တစ်ခု ၊ ပညာရေးတစ်ခု ၊ relationship တစ်ခု အကြောင်းမဟုတ်ပါဘူး ..

ကိုယ့်ဘဝရဲ့ ကျန်ရှိတဲ့ သက်တမ်းမှာ ဘယ်လို ပုံစံမျိုးနဲ့ ဖြတ်သန်းသွားချင်လဲဆိုတဲ့ အယူအဆလေးပါ ..

အမ်မာဆိုရင် အသက် ၂၇ တုန်းကလို့ပြောရမယ် .. အဲဒီ turning point လေးကို ဖြတ်သန်းခဲ့တာ .. ကိုယ်ဘယ်လို ရှင်သန်နေထိုင်ချင်လဲဆိုတဲ့ဟာကို .. တိတိကျကျ သိပြီးတဲ့နောက်မှာ .. ဘယ်သူ့အတွက်မှ မရှင်သန်တော့ဘဲ ကိုယ့်အတွက် ကိုယ်ရှင်သန်တယ် ..

ဘယ်သူမှ ဒုက္ခမရောက်ဘူးဆိုရင် ကိုယ်လုပ်ချင်တာမှန်သမျှလုပ်တယ် .. ဘေးလူရဲ့ အတွေးအမြင်တွေကို သိပ်ခေါင်းထဲမထည့်တော့ဘူး .. ခံစားချက်တွေကို မဖုံးကွယ် မမြိုသိပ်တော့ဘူး ..

အရှိ အရှိအတိုင်းပဲ .. ပွင့်ပွင့်လင်းလင်းနဲ့ လူတိုင်းကို ဆက်ဆံတယ် .. စိတ်ရင်းနဲ့ ကောင်းပေးနိုင်ဖို့ ကြိုးစားတယ် .. ကောင်းပေးလို့မရတဲ့သူဆို လျစ်လျူရှုလိုက်တယ် ..

အဆိုးတွေမတွေးတော့ဘူး .. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို ထိန်းချုပ်ဖို့ ပြုပြင်ယူဖို့ မကြိုးစားတော့ဘူး .. ဖြစ်လာတာတွေမှန်သမျှဟာ ကောင်းဖို့ပဲလို့ တွေးပြီး ပျော်အောင်နေတယ် ..

ရောက်လာမှာ မလာမှာ မသေချာတဲ့ အနာဂါတ်ကို စိတ်မပူတော့ဘူး .. လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထား ပျော်အောင်နေပြီးတော့ .. စက္ကန့်တိုင်းကို အဓိပ္ပါယ်ရှိအောင် ဖြတ်သန်းတယ် ..

ကိစ္စကြီးကြီးမားမားတွေ လုပ်နေမှ ဘဝကြီးက အဓိပ္ပါယ်ရှိတာ မဟုတ်ဘူး .. ပန်းလေးတွေ ပွင့်တာမြင်ရလည်း အဓိပ္ပါယ်ရှိတယ် .. ငှက်ကလေးတွေ အသံကြားရတာလည်း အဓိပ္ပါယ်ရှိတယ် .. လေပြေအေးလေး ဖြတ်တိုက် သွားတာလည်း အဓိပ္ပါယ်ရှိတယ် .. ကိုယ့်စိတ်ကို အေးအေးချမ်းချမ်းလေး ထားနိုင်တဲ့ အချိန်တိုင်းက အဓိပ္ပါယ်ရှိတယ် ..

တစ်ခါတစ်လေ ကော စိတ်ညစ်တဲ့အချိန် မရှိဘူးလားဆိုတော့ ရှိပါတယ် .. ပတ်ဝန်းကျင်ကြောင့် ဖိအားတွေကြောင့် စိတ်ရှုပ်ရတာမျိုးရှိပေမဲ့ ခဏပါပဲ .. အချိန်တန်တဲ့အခါ .. ကိုယ့်ရဲ့ ပုံစံအမှန်အတိုင်းလေးပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြစ်သွားတယ် .. အဲဒါမျိုးက တကူးတက လုပ်ယူလို့တော့မရဘူး .. စိတ်ထားတတ်ဖို့ ဆိုတာလေ .. ခုဏပြောတဲ့ turning point ကို ကျော်ပြီးသွားမှသာ အေးဆေးဖြစ်သွားတာ ..

တစ်ယောက်နဲ့ တစ်ယောက်တော့ ဘယ်တူမလဲ .. ဒါပေမဲ့ ဖြစ်တော့ ဖြစ်လာမှာပါ .. တစ်ချိန် ချိန်ပေါ့ .. အဓိကကတော့ ခေါင်းအေးအေးထားပြီး သေချာစဉ်းစားကြည့် .. ကိုယ်ဘာဖြစ်ချင်တာလဲ .. ကိုယ့်ဘဝအတွက် အရေးကြီးဆုံးက ဘာလဲဆိုတာကို .. 🥰

Leave a Reply

Back to top