အခုလို နိုဝင်ဘာလရောက်ပြီဆိုရင် အမြဲသွားချင်စိတ်ဖြစ်မိတဲ့ နေရာက “ကလောမြို့လေး” ပဲ …
သူများတွေဆိုရင် ရှမ်းပြည်ကို အလည်သွားရင် တောင်ကြီး၊အင်းလေး အရင်ရောက်ဖူးကြတယ် … ကိုယ်ကတော့ ကလောကို ပထမဆုံးရောက်ဖူးခဲ့တာ …
ငယ်ငယ်က စိုင်းထီးဆိုင်တို့ ၊ စိုင်းဆိုင်မောတို့ သီချင်းတွေ ကြားတိုင်း သွားချင်ဖူးခဲ့တဲ့ ရှမ်းပြည် … ဆရာမ ခင်ခင်ထူးရေးတဲ့ “ပန်းကြာဝတ်မှုံ” စာအုပ်လေးထဲမှာ တစ်ခန်းလောက်ပဲ ပါခဲ့ပေမဲ့ .. ဆရာမရဲ့ အရေးအသားကောင်းမှုကြောင့် .. ကိုယ်တိုင် ထင်းရူးတောလေးထဲ ရောက်သွားသလိုခံစားရပြီးတော့ .. အပြင်မှာလည်း သွားကြည့်ချင်ခဲ့တယ် ..
တကယ် ရောက်သွားတဲ့အချိန်မှာလည်း .. စိတ်ကူးထဲကအတိုင်းပဲ .. တောင်တန်းပြာပြာတွေရယ် .. ထင်ရူးတောလေးထဲက မြူမှုန်လေးတွေနဲ့ .. နေရောင်ခြည်လည်း တစ်ပြောက် နှစ်ပြောက်နဲ့ .. အရမ်းကို ကဗျာဆန်ပြီး လှပတဲ့မြို့လေး ..
တန်ဆောင်တိုင်ဆို မီးကြာစံပွဲ (မီးလျှောပွဲ)ကြောင့် လူတွေအရမ်းလာကြပြီး .. အဲဒီအချိန် သွားရေးလာရေးတော့ နည်းနည်း ဒုက္ခရောက်တယ် .. အေးအေးဆေးဆေး အပန်းဖြေသွားချင်ရင်တော့ လပြည့်ရက်နားရှောင်သွားဖို့ အကြံပေးချင်တယ် ..
ကလော မြို့ထဲမှာ လည်ပတ်စရာ များများစားစား မရှိပါဘူး .. ဘုရားကြီးရှိမယ် ၊ရွှေဥမင် ရှိမယ်၊ view point ရှိမယ် .. နာရီစင်တို့ ပန်းခြံတို့ ဒါပဲရှိမယ် .. ဒါပေမဲ့ လည်စရာမရှိလည်း မြို့လေးကိုယ်တိုင်ကိုက အရမ်းလှလို့ .. ဘယ်မှမသွားပဲ Hotel ထဲပဲ ထိုင်နေရင်တောင် ရှုခင်းလေးကြည့်လိုက် ၊ မုန့်စားလိုက် ၊ ဝိုင်လေးသောက်လိုက်နဲ့ အရမ်းမိုက်တယ် ..
တကယ်လည်ပတ်စရာနေရာတွေက မြို့အပြင်ထွက်မှ ရှိတာပါ .. မြင်းမထိလှိုဏ်ဂူ ဖက်သွားတဲ့လမ်းမှာ ဗျိုက်တောင်လို့ခေါ်ကြတဲ့နေရာ .. နိုဝင်ဘာဆို နှမ်းပန်းတွေ တစ်ခင်းလုံးပွင့်ပြီပေါ့ ..
ဟဲဟိုး၊ ဟိုပုန်း အကျော်နားမှာဆို ဘဝသံသရာ ရထားလမ်းလေးရှိမယ် .. ရွာငံဖက်သွားတဲ့ လမ်းမှာဆို ရှုခင်းတွေ အရမ်းလှ .. ဂေါ်ဖီ မုန်လာ နေကြာ စိုက်ခင်းတွေလည်းရှိတယ် .. ပြီးတော့ မိန်းမရဲတောင် .. တောကျယ်ရေတံခွန် ၊ ရေပြာအိုင်နဲ့ ပင်းတယဖက်တွေလည်း ဆက်သွားလို့ရသေးတယ် .. အောင်ပန်းဖက်ဆိုလည်း အရမ်းလှတယ် ..
တစ်ရက်တည်းနဲ့ အကုန်လည်ဖို့တော့ အချိန်မရနိုင်လို့ .. သက်သက်စီ အချိန်ပေးပြီး .. ညောင်ရွှေ၊ အင်းလေး ၊ တောင်ကြီးဖက်တွေလည်း နေ့ချင်းပြန် သွားလို့ရသေးတယ် .. trekking လုပ်ရတာ ဝါသနာပါတဲ့သူဆိုရင် .. လမ်းကြောင်း အတိုအရှည် အများကြီးရှိတယ် .. နေ့ချင်းပြန်ဆိုရင် ပလောင်တောင် .. ရေအေးကန်ဖက်တွေ .. ၁ ညအိပ် ၂ ရက်လောက် သွားချင်ရင် .. ကလောကနေ အင်းလေးအထိ လမ်းကြောင်းတွေလည်းရှိသေးတယ် ..
Trekking အတွက်က guide ခေါ်လို့ရသလို .. ကိုယ့်ဖာသာ သွားလည်း ရပါတယ် .. Emma တို့ကတော့ Hotel က ဝန်ထမ်းလေးကို လမ်းကြောင်းမေးပြီး ကိုယ်တိုင်ပဲ ဖြေးဖြေးချင်းလျှောက်သွားလိုက်တယ် .. လမ်းမှာလည်း ကိုယ်လို trekking လူတွေ အများကြီးတွေ့ရလို့ အဖော်တော့ မမဲ့ဘူးပေါ့ ..
သတိထားရမှာ တစ်ခုက နိုဝင်ဘာမှာ ပုံမှန်ကတော့ မိုးမရွာတတ်ပေမဲ့ .. ကုန်းတွင်းပိုင်း မုန်တိုင်းရှိတဲ့ အခါတွေမှာ မိုးရွာပါတယ် .. ကလောမှာ မိုးရွာရင် ရာသီဥတုက အရမ်းအေးလို့ .. နွေးနွေးထွေးထွေး ဝတ်ပြီး မိုးကာတို့ ဦးထုပ်တို့ ပြင်ဆင်သွားရင်တော့ ပိုအဆင်ပြေပါတယ် ..
(Emma သွားတာ ဒီနှစ်ထဲမဟုတ်လို့ .. အခုလက်ရှိ ရာသီဥတုနဲ့ လမ်းခရီးအခြေအနေတော့ သေချာမသိပါဘူး .. သွားမယ်ဆိုရင်တော့ သေချာလေး စုံစမ်းပြီးမှ သွားကြပါနော်)